စက်တင်ဘာ ၇ ရက် နံနက်ပိုင်း ရန်ကုန်မြို့အခြေအနေ

စက်တင်ဘာ ၇ ရက် နံနက်ပိုင်း ရန်ကုန်မြို့အခြေအနေ

NUG အစိုးရက ယနေ့နံနက်ပိုင်းတွင် ပြည်သူလူထု ခုခံကာကွယ်ရေးနေ့ဟု ထုတ်ပြန်ကြေညာအပြီး စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် မြို့နေလူထုအချို့ ဆန်၊ ဆီနှင့် အသင့်စားသုံးနိုင်သည့်ပစ္စည်းများ ဝယ်ယူစုဆောင်းလာကြသည်ကို တွေ့ရသည်။

"အရင်ရက်ကထက်တော့ ပိုရောင်းကောင်းတယ်" ဟု အရှေ့ဒဂုံမြို့နယ်ရှိ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

စျေးနှုန်းအနေဖြင့် ကြီးကြီးမားမားပြောင်းလဲမှု မရှိသေးသော်လည်း ယခင်ကထက် ပျမ်းမျှအားဖြင့် ကျပ် ၅၀၀ ခန့် ဈေးနှုန်းမြင့်တက်သွားခဲ့သည်ဟု ကုန်ပစ္စည်းအရောင်းဆိုင်အချို့က ဆိုသည်။

ယခင်က ရန်ကုန်မြို့တွင် နံနက်ပိုင်းအချိန်သာ စျေးများတွင် စည်ကားခဲ့သော်လည်း ယနေ့တွင် မြို့နယ်ဆင်ခြေဖုံးစျေးများ၌ နေ့လည် ၁ နာရီခန့်အထိ စျေးဝယ်သူများနှင့် ပြည့်နေသည်ကို တွေ့ရသည်။

"အရင်ရက်တွေတုန်းကတော့ လူမရှိဘူး။ အခုမနက်ကတော့ စျေးမကွဲသေးဘူး။ ဝယ်နေကြတုန်းပဲ" ဟု ဆင်ခြေဖုံးမြို့နယ်တစ်ခုမှ စျေးရောင်းသူတစ်ဦးက ပြောသည်။

ရပ်ကွက်စျေးများတွင် အများဆုံး ဦးစားပေးဝယ်ယူကြသည့် ပစ္စည်းမှာ ဆန်နှင့်ဆီဖြစ်ကြောင်း သိရသည်။

အလားတူ City mart ကဲ့သို့ ဆိုင်များတွင်လည်း စျေးဝယ်သူများနှင့် စည်ကားနေသည်ကို တွေ့ရသည်။

"ကိုဗစ်တုန်းကတော့ တစ်ခါများတယ်။ နောက်ပိုင်းကျတော့ သိပ်ဝယ်ကြတာ မတွေ့ရဘူး။ အခုမနက်မှ ပြန်များလာတာတွေ့တယ်" ဟု မြောက်ဒဂုံမြို့နယ်ရှိ City mart အရောင်းဆိုင်တစ်ဆိုင်အနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

စက်သုံးဆီ စျေးနှုန်းများမှာ ယနေ့နံနက်ပိုင်းတွင် စျေးနှုန်းပြောင်းလဲမှုမရှိသေးဘဲ 92 ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၁,၁၀၀ ခန့်သာရှိသေးသည်ကိုတွေ့ရသည်။

ရွှေစျေးနှုန်းမှာ မွန်းလွဲ ၁ နာရီခန့်အထိ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း၏ ထုတ်ပြန်ချက်အရ အကယ်ဒမီရွှေ တစ်ကျပ်သားလျှင် ကျပ် ၁,၈၀၀,၀၀၀ သိန်းဖြစ်ကြောင်း သိရသည်။

ဒေါ်လာစျေးနှုန်းမှာမူ ဘဏ်နှင့် ငွေလဲကောင်တာများတွင် တစ်ဒေါ်လာလျှင် ၁,၇၁၀ ကျပ်ခန့်ဖြင့် ရောင်းချမည်ဟုဆိုသော်လည်း ပြင်ပစျေးကွက်တွင် ကျပ် ၁,၉၀၀ ဖြစ်နေကြောင်း စျေးကွက်အတွင်းမှ သိရသည်။

"ကမ္ဘာအေးဘုရားလမ်းပေါ်မှာတော့ ဘယ်သူမှ မတွေ့ဘူး။ ကားအသွားအလာလည်း ရှင်းတယ်" ဟု ရန်ကုန်မြို့ခံတစ်ဦးက နံနက် ၁၀ နာရီခန့်တွင် ပြောသည်။

ရန်ကုန်မြို့တွင် ယနေ့နံနက်ပိုင်း၌ မြို့နယ်အချို့တွင် ဗုံးကွဲမှုများဖြစ်ပေါ်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာများတွင်သာ လုံခြုံရေးများရှိနေပြီး အခြားနေရာများတွင် လုံခြုံရေးနည်းပါးနေသည်ကို တွေ့ရသည်။

 
 

 

 

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...