အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် PPST ကြိုးပမ်းနေ

အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် PPST ကြိုးပမ်းနေ

အပစ်ရပ် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် မကြာမီ ပြည်တွင်းသို့လာရောက်မည့် အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ဒါတိုအီရာဝန်ယူစွဖ်နှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် ကြိုးပမ်းနေသည်ဟု သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ စက်တင်ဘာ ၇ ရက် ယနေ့ကျင်းပသည့် အစည်းအဝေးတွင် အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း၏ အဖွင့်မိန်းခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့သည်။

ဗအိုဝ့်အမျိုးသားအဖွဲ့ချုပ် (PNLO) မှ ဥက္ကဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဟုတ်ပါတယ်။ တွေ့ဖို့ဆိုတာ လူချင်းမ‌တွေ့ရင်တောင် ZOOM မှာ ညှိဖို့ ဒါပေမယ့် ဒါရိုက်မဟုတ်ရင်တော့ မရသေးပါဘူး။ သွယ်ဝိုက်တဲ့နည်းနဲ့ ညှိနေတာတော့ရှိပါတယ်” ဟု ပြောသည်။

လူသားချင်းစာနာထောက်ထား အာဆီယံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး လက်ရှိတိုင်းပြည်တွင် နိုင်ငံရေးအကျပ်အတည်‌ကြောင့် အတိဒုက္ခရောက်နေသော ပြည်သူလူထုများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များပေးနိုင်ရန် (၄) တာ အပစ်ရပ်ပေးရေး တောင်းဆိုခဲ့သော်လည်း လက်နက်ကိုင် အဖွဲ့များအကြား နိုင်ငံရေးအရ သဘောတူညီချက် တစုံတရာရယူပြီး ကြေညာသည့် အပစ်အခတ်ရပ်စဲရေးအဆင့်မျိုးမဟုတ်ကြောင်း အီရာဝန်ယူစွဖ်က ကျိုဒိုသတင်းဌာနကို ပြောဆိုခဲ့သည်။

"နိုင်ငံရေးဆိုင်ရာ အပစ်အခတ်မှုရပ်စဲရေး မဟုတ်ပါဘူး။ လူမှုကယ်ဆယ်ရေးသမားတွေ၊ အကူအညီပေးရေးအဖွဲ့တွေရဲ့ လုံခြုံရေးကို အာမခံစေလိုတဲ့ သဘောဖြစ်ပါတယ်။ သူတို့ ဘေးကင်းရန်ကင်း အလုပ်တွေ လုပ်နိုင်အောင်ပါ" ဟု ၄င်းကဆိုသည်။

သို့ရာတွင် PPST အနေဖြင့် လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှ NCA စာချုပ်၏ အနှစ်သာရကိုအခြေခံပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးပါဝင်သသည့် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အတိအလင်း ထုတ်ပြန်ကြေညာထားသည်။

ထို့အပြင် လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများအတွက် ကိုဗစ်ထိန်းချုပ်ရေးကော်မတီ (CSMC) ကို ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် သင့်တော်သလို တွေ့ဆုံခဲ့သည်ဟု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း၏ ယနေ့အဖွင့်မိန်းခွန်းတွင် ပြောကြားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုများ၏ ထိန်းချုပ်နယ်မြေအတွင်း ‌ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဝန်ထမ်းများ အရည်အသွေးမြင့်တင်နိုင်ရေးကို ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ကြိုးပမ်းဆောင်ရွက်နေသည်ဟု ၄င်းကဆိုသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ အဖွဲ့ဝင် (၁၀) ဖွဲ့ဖြင့် PPST ကို ဖွဲ့စည်းထားသည်။

Photo: ၇-၉-၂၀၂၁ PPST အစည်းအဝေး (NCA-S EAO)

 
 

 

 

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...