ထားဝယ်ရေနက်ဆိပ်ကမ်း၌ စစ်အုပ်စု စစ်ရေးလှုပ်ရှားမှု ပိုများလာ၍ ဒေသခံများ သတိရှိရန် သတိပေး

ထားဝယ်ရေနက်ဆိပ်ကမ်း၌ စစ်အုပ်စု စစ်ရေးလှုပ်ရှားမှု ပိုများလာ၍ ဒေသခံများ သတိရှိရန် သတိပေး

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်အုပ်စုတပ် စစ်ကြောင်းများ ပြန်လည်ထွက်ခွာသွားသော်လည်း အချိန်မရွေး ပြန်လည်ဝင်ရောက်လာနိုင်သဖြင့် ဒေသခံများ သတိရှိကြရန် မြေပြင် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးနှိုးဆော်ထားသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းကို အလျင်အမြန် အကောင်အထည်ဖော်လိုသည့် စစ်အုပ်စုတပ်သည် ဆိပ်ကမ်း အတွင်းရှိ ယာယီစခန်းနေရာ၌ စစ်အင်အား ၂၀၀ ကျော် ထားရှိထားပြီး အနီးတစ်ဝိုက်ရှိ ကျေးရွာများဘက်သို့ အလှည့်ကျ စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းမှုများ ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နှင့် ၂၂ ရက်နေ့တို့တွင် အင်အား ၆၀ ခန့်ရှိသည့် စစ်အုပ်စုတပ် စစ်ကြောင်းက ဝက်ချောင်းကျေးရွာဘက်သို့ နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စခန်းနေရာသို့ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေး တပ် (TPLF) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

TPLF မှ တာဝန်ရှိသူတစ်ဦးက “အင်အားသုံးပြီး နယ်မြေရှင်းလင်းတာကို သူတို့ အဓိကလုပ်နေတယ်။ အရင် တုန်းကတော့ အဲစခန်းနေရာကို အင်အား ၂၀၀၊ ၃၀၀ လောက် လာလိုက်၊ ပြန်ထွက်သွားလိုက်ပေါ့။ ပြီးတော့ ၆ လ၊ ၈ လ၊ တစ်နှစ်ပေါ့၊ အချိန်အဲလောက်ကြာမှ တစ်ခါပဲ လာတာ။ အခုက တစ်လအတွင်းကို ၃ ခါလောက် ဝင်တယ်။ အခု ပြန်ဆုတ်သွားပေမဲ့ ထပ်လာမှာပဲ” ဟု ပြောသည်။

စစ်အုပ်စုတပ် စစ်ကြောင်းသည် ဧကနိ၊ ဝဇွမ်းတော၊ ဝက်ချောင်း၊ ခမောက်ချောင်းကျေးရွာများတွင် စစ်ကြောင်း ထိုးစဉ် တပ်စွဲလေ့ရှိပြီး အခြားကျေးရွာများဘက်သို့လည်း နယ်မြေရှင်းလင်းရန် လှုပ်ရှားသွားလာလျက်ရှိသည်။

စစ်ဘေးတိမ်းရှောင်နေသည့် ဒေသခံအချို့ နေရပ်သို့ ပြန်လည်ဝင်ရောက်လာကြသော်လည်း အများစုမှာ တော တောင်နှင့် ဥယျာဉ်ခြံများတွင်သာ ဆက်လက်နေထိုင်နေကြရကြောင်း အဆိုပါ တာဝန်ရှိသူက ဆက် ပြောသည်။

“အဓိကကတော့ ဝဇွမ်းတော၊ ဧကနိနဲ့ အနီးတစ်ဝိုက်ရွာတွေကို အဓိကထားပြီးတော့ စစ်ကြောင်း ထိုးလေ့ရှိ တယ်။ ပြီးတော့ အခြားရွာတွေကို လှည့်ပတ်သွားလာနေတာပေါ့။ အဲကြောင့် စစ်ရှောင် ထောင်ချီကတော့ ရှိနေ တယ်။ အမြဲတမ်းစစ်ရှောင်ရတာတော့ မဟုတ်ဘူးပေါ့နော်။ အဲလိုမျိုး သူတို့ စစ်ကြောင်းထွက်ရင် ခဏ တစ်ဖြုတ်တော့ ပြန်ဝင်ရဲတယ်ပေါ့” ဟု ၎င်းက ပြောသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စတင်မည့်အချိန် နီးကပ်လာပြီဖြစ်၍ ယခုနှစ်ဝက်ပိုင်းမှစ၍ နယ်မြေရှင်းလင်းနိုင်ရေး အတွက် စစ်အုပ်စုတပ်က စစ်ကြောင်းထိုးဝင်ရောက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာခြင်းဖြစ်သည်။

ရုရှားနိုင်ငံမှ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် ရေနံချက်စက်ရုံတို့ကို တည်ဆောက်ရန် စီစဉ်ထားပြီး လိုအပ်သည့် လုပ်ငန်းစဉ်များကိုလည်း ဆောင် ရွက်နေပြီဖြစ်ကြောင်း ဩဂုတ်လ ၂၃ ရက်နေ့တွင် စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပြောဆိုထားသည်။

၂၀၂၆ ခုနှစ် ဇွန်လအတွင်းက စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးသည့် အဆင့်သို့ ရောက်ရှိထားသည်။

ဓာတ်ပုံ - Crd

Most read this week

August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...