မွန်ပြည်သစ်ထိန်းချုပ်နယ်မြေအနီး PDF ရှိနိုင်သည့်နေရာများကို မြန်မာစစ်ကြောင်းလိုက်လံရှာဖွေ

မွန်ပြည်သစ်ထိန်းချုပ်နယ်မြေအနီး PDF ရှိနိုင်သည့်နေရာများကို မြန်မာစစ်ကြောင်းလိုက်လံရှာဖွေ

ရေးမြို့အရှေ့ဖက်ခြမ်း ရေး-ထားဝယ်ကားလမ်းမှ ၁၀ မိုင်ခန့်အကွာရှိ မွန်ပြည်သစ်ထိန်းချုပ်နယ်မြေအနီးတဝိုက်တွင် PDF အဖွဲ့ ရှိနိုင်သည့်နေရာများကို ယခုရက်ပိုင်းအတွင်း မြန်မာစစ်ကြောင်းတစ်ခု လိုက်လံရှာဖွေနေကြောင်း စုံစမ်းသိရှိရသည်။

မွန်ပြည်သစ်ပါတီထံ ကြိုတင်ဆက်သွယ်အသိပေးချက်အရ အင်အား ၅၀ ဝန်းကျင်ရှိသည့် မြန်မာစစ်ကြောင်းသည် ရေးမြစ်၏တောင်ဘက်အခြမ်း မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအစပ် ဝယ်ပေါင်ရွာသို့ စက်တင်ဘာ ၄ ရက်နေ့တွင် ရောက်ရှိလာပြီး ရွာ၏အနီးတဝိုက်ရှိ ရာဘာခြံနှင့် ဥယာဥ်ခြံနေရာတချို့ကို လိုက်လံရှာဖွေစုံစမ်းနေသည်ဟု အမည်မဖော်လိုသော မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးက ပြောသည်။

“ထူးခြားမှုဖြစ်စဥ်တော့ ရှိမယ်ထင်ပါတယ်၊ ဒါပေမယ့် ကျနော်တို့ဘက်ကို ဦးတည်တာတော့မဟုတ်ပါဘူး၊ စစ်တပ်ကတော့ ဝယ်ပေါင်အနီးအနားက မသင်္ကာတဲ့နေရာမှန်သမျှ လိုက်လံရှာသွားပုံရတယ်၊ နောက် ရေးမြစ်တဖက်ကမ်း အိုင်ရှည်ရွာဘက်ကို ထွက်သွားတယ်”ဟု ၄င်းက ဆိုသည်။

အဆိုပါ မြန်မာစစ်ကြောင်းသည် စက်တင်ဘာလ ၃ ရက်နေ့ နံနက်စောစောပိုင်းကတည်းက NLD ပါတီအမာခံနယ်မြေဖြစ်ခဲ့သည့် ကျုံလောင်းကျေးရွာကို တညတာမျှဝင်ရောက်စခန်းချခဲ့ပြီး PDF အဖွဲ့များ ရှိနိုင်သည့်နေရာများကို လိုက်လံစုံစမ်းရှာဖွေခဲ့သည်ဟု သိရသည်။

ဝယ်ဇင်ရွာအနီးရှိ ရာဘာခြံပိုင်ရှင်တစ်ဦးက “ကျနော်တို့ဆီကို စစ်တပ်တက်မလာတာ နှစ်ပေါင်းတော်တော်ကြာခဲ့ပါပြီ၊ အခုဝယ်ပေါင်ဘက် စစ်တပ်ရောက်လာတာက သတင်းထူးရှိမယ်လို့ထင်ပါတယ်၊ ရွာသားတွေလည်း သတိထားစောင့်ကြည့်နေတယ် သူတို့ဒီကိုလာတာ ဘာကိစ္စဖြစ်မလဲပေါ့၊ ဒါပေမယ့် အခုအထိ အခြေအနေကအေးအေးဆေးဆေးပါပဲ” ဟု ဆိုသည်။

အဆိုပါ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေကို ၁၉၉၅ ခုနှစ် နဝတစစ်အစိုးရလက်ထက် အပစ်ရပ်သဘောတူညီချက်အရ သတ်မှတ်ပေးထားခဲ့ခြင်းဖြစ်ပြီး တဖန် ၂၀၁၈ ခုနှစ် NCA လက်မှတ်ရေးထိုးခဲ့ရာတွင် မွန်ပြည်သစ်ပါတီ၏ ယခင်အပစ်ရပ်သဘောတူညီမှုအချက်အလက်အားလုံးကို NLD အစိုးရ ဆက်လက်အသိအမှတ်ပြကာ အတည်ပြုပေးခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...
(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
August 21, 2026
မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို...