ကျေးလက်နေပြည်သူများ ကိုဗစ်ကာကွယ်ဆေး ထိုးရကောင်းမှန်းမသိသေး၊ နားလည်လက်ခံနိုင်မှု အားနည်း

ကျေးလက်နေပြည်သူများ ကိုဗစ်ကာကွယ်ဆေး ထိုးရကောင်းမှန်းမသိသေး၊ နားလည်လက်ခံနိုင်မှု အားနည်း

လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကပ်ရောဂါဘေးကာလအတွင်း ကာကွယ်ဆေးတမျိုးမျိုး စနစ်တကျ ထိုးနှံထားနိုင်မှသာ အသက်အန္တရာယ်ဘေးက လွတ်မြောက်နိုင်သည့် အခြေအနေအောက်တွင် ကျေးလက်နေပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးရကောင်းမှန်း မသိသေးဖြစ်နေကြပြီး နားလည်လက်ခံနိုင်မှု အလွန်အားနည်းနေသေးကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်တွင် သက်ဆိုင်ရာ ကျန်းမာရေးဌာနခွဲအသီးသီးက ယခုရက်များအတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ အထူးဦးစားပေးအစီအစဥ်အရ အသက် ၆၅ နှစ်အထက် လူကြီးများ၊ ရဟန်းသံဃာတော်၊ သီလရင်များအပြင် အစိုးရဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများနှင့် စျေးဆိုင်သမားများ ကာကွယ်ဆေးထိုးနှံနေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။

လမိုင်းမြို့နေ မွန်လူငယ်အမျိုးသမီးတစ်ဦးက “ကာကွယ်ဆေးထိုးဖို့ ကျမတို့မန်နေဂျာက စာရင်းသွင်းပေးပါတယ်၊ ပထမအကြိမ်ထိုးပြီးပြီ၊ အခုရက်တွေမှာ ဒုတိယအကြိမ်သွားထိုးဖို့ရှိပါတယ်၊ ဘာဖြစ်လို့ထိုးရသလဲဆိုရင် ကျမက စျေးရောင်းတယ်လေ၊ လူအများ Customer တွေနဲ့ ထိတွေ့နေရတော့ အကာအကွယ်ပြုထားရတာပေါ့နော်၊ ကာကွယ်ဆေးထိုးလိုက်ရရင် ကောင်းမှာပဲတွေးမိပြီး ပထမအကြိမ်ထိုးဖြစ်ခဲ့တာပေါ့ ပြီးတဲ့လ ၇ ရက်နေ့ နောက်ဆုံးရက်မှာထိုးဖြစ်ခဲ့တယ်၊ ဒုတိယအကြိမ်ထိုးရမယ့်နေ့က လာမယ့် ၃ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာဖြစ်နိုင်တယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ယခုရက်ပိုင်းအတွင်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရာတွင် လူသစ်များကာကွယ်ဆေးထိုးလိုပါက စာရင်းပေးသွင်းကြပါရန် ကျန်းမာရေးဌာနခွဲက အသိပေးနှိုးဆော်ထားကြောင်း ရေးမြို့နယ် အာရုတောင်ကျေးရွာမှ မွန်လူငယ်တစ်ဦးက ဆိုသည်။

“ကျနော်ကတော့ ကာကွယ်ဆေးမထိုးဖြစ်သေးဘူး ကိုယ်လည်းကျန်းမာနေတာပဲ၊ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရှိနေတော့ မထိုးဖြစ်သေးတာပါ၊ တခါတလေတော့ ထိုးဖို့စိတ်ကူးမိပါတယ် ဒါပေမယ့် လောလောဆယ် မထိုးလည်း နေလို့ရပါသေးတယ်ဆိုတော့ မထိုးဖြစ်ပါဘူး၊ နိုင်ငံရေးနဲ့လည်း မဆိုင်ပါဘူး၊ ရေးမြို့ပေါ်အထိ တက်ပြီးဆေးသွားထိုးရမှာဆိုတော့ လူအများတွေနဲ့လည်း အရှုပ်မခံချင်လို့ပါ” ဟု ၄င်းကပြောသည်။

သို့ရာတွင် ကာကွယ်ဆေးအမျိုးအစားကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြည်သူများအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာနခွဲက ချလာပေးမည့်ကာကွယ်ဆေးကိုသာ ထိုးနှံရမည်ဖြစ်ကြောင်း၊ မိမိစိတ်ကြိုက်ဖြစ်မည့်ကာကွယ်ဆေးအမျိုးအစားကို ရွေးချယ်ခွင့်ရှိမည်မထင်ကြောင်း အမည်မဖော်လိုသော ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

“WHO က ခွင့်ပြုထားတဲ့ ဘယ်ကာကွယ်ဆေးမဆို ထိုးခွင့်ရခဲ့ရင် ထိုးသင့်ပါတယ်၊ ကျနော်တို့မှာက အိန္ဒိယဆေး တရုပ်ဆေး ဘယ်ဟာကောင်းတယ် ဘယ်ဟာမကောင်းဘူးဆိုပြီး ကျနော်တို့အနေအထားမှာ ဝေဖန်ပြောဆိုနိုင်တယ်ဆိုပေမယ့် နိုင်ငံတော်က ပို့လာပေးတဲ့ဆေးအမျိုးအစားကိုပဲ ထိုးနှံရမှာပါ၊ ဆေးအမျိုးအစားကောင်းကောင်းရတော့မှ ကာကွယ်ဆေးထိုးမယ်ဆိုရင် ဘယ်အချိန်ရောက်လာမလဲဆိုတာကို ဘယ်သူမှလည်း မပြောနိုင်ပါဘူး၊ အဲဒါကြောင့် အခုလိုအချိန် ကာကွယ်ဆေးထိုးဖို့ အခွင့်အလမ်းပေါ်လာတာနဲ့ဆိုရင်ပဲ ချက်ချင်းမဆိုင်းမတွ ထိုးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ၄င်းကဆိုသည်။

ယခုနှစ်ကုန်ပိုင်းတွင် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံလူဦးရေ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးအပြီးထိုးနှံနိုင်ရန် နစကအိမ်စောင့်အစိုးရ စီစဥ်ထားပြီး တစ်လလူဦးရေ ၅ သန်းနှုန်းထိုးနှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အပြင် နိုင်ငံပေါင်း ၁၆၀ ကျော်တွင် ကာကွယ်ဆေး အလုံအလောက်မရသည့် ပြဿနာရင်ဆိုင်ခဲ့ရကြောင်း၊ WHO ထုတ်ပြန်ချက်အရ ကာကွယ်ဆေး ၈၅% ကို ချမ်းသာသည့်နိုင်ငံများက စီမံခန့်ခွဲနေကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာကွယ်ဆေးအလုံအလောက်ရရှိနိုင်ရန် ရုန်းကန်ကြိုးပမ်းနေရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကပြောသည်။

August 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်အုပ်စုတပ်...
August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...