အာဖဂန်မှာ ဘာတွေဖြစ်ခဲ့လဲ၊ ဘာတွေဖြစ်ဦးမလဲ

အာဖဂန်မှာ ဘာတွေဖြစ်ခဲ့လဲ၊ ဘာတွေဖြစ်ဦးမလဲ

အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တွေ သိမ်းပိုက်လိုက်ပါပြီ။ အမေရိကန်တပ်တွေ နိုင်ငံက အပြီးအစီး ထွက်ခွာဖို့ စီစဉ်ထားတဲ့ အချိန်ထက် နှစ်ပတ်စောပြီး သိမ်းလိုက်တာပါ။

အမေရိကန်နဲ့ မဟာမိတ်တပ်တွေ လက်နက်တပ်ဆင် သင်တန်းပေးထားတဲ့ အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တဲ့နောက်မှာ တာလီဘန်ထိုးစစ်တွေဟာ ရက်အနည်းငယ်အတွင်း အရှိန်ပြင်းပြင်းနဲ့ တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကြီးအတွင်း ဘာတွေဖြစ်ခဲ့သလဲ ဘာတွေ ဆက်ဖြစ်လာမလဲ အကြမ်းဖျင်း ကြည့်ကြရအောင်ပါ။

◼ အာဖဂန်နစ္စတန်မှာ ဘာတွေဖြစ်နေလဲ

၁၉၉၀ ကျော်ကာလတွေမှာ နိုင်ငံကို အုပ်စိုးခဲ့တဲ့ တာလီဘန်တွေဟာ အခုတစ်ဖန် နိုင်ငံကို ထိန်းချုပ်လိုက်ပြန်ပါပြီ။ ၂၀၀၁ မှာ အမေရိကန်ဦးဆောင်တဲ့ ကျူးကျော်စစ်အတွင်း တာလီဘန်တွေကို ဖြုတ်ချခဲ့ပါတယ်။ ဒါပေမဲ့ တာလီဘန်တွေဟာ ပျောက်ကွယ်မသွားကြပါဘူး။ အနောက်အုပ်စုက ကျားကန်ပေးမှုနဲ့ နိုင်ငံကို နှစ်ပေါင်း ၂၀ ကြာ အုပ်ချုပ်ခဲ့တဲ့ အာဖဂန်အစိုးရဟာ ပြီးခဲ့တဲ့ ရက်တွေအတွင်း တာလီဘန်တွေရဲ့ အလုံးအရင်းထိုးစစ်မှာ ပြိုလဲသွားပါတယ်။ အာဖဂန်ပြည်သားတွေဟာ အနာဂတ်အတွက် စိုးရိမ်ကြောက်ရွံ့မှုကြောင့် လေဆိပ်ဆီ အပြေးအလွှား သွားကြရပါတယ်။ ဒီနေရာဟာ နိုင်ငံက ထွက်ခွာဖို့ နောက်ဆုံးလမ်းကြောင်းတွေထဲက တစ်ခုပါ။

◼ လူတွေဘာလို့ နိုင်ငံက ထွက်ပြေးကြတာလဲ

ဒီလူတွေက နိုင်ငံမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာနိုင်ခြေ၊ ဒါမှမဟုတ်လည်း တာလီဘန်တွေက အမေရိကန်အတွက် ဒါမှမဟုတ် အစိုးရအတွက် အလုပ်လုပ်ခဲ့သူတွေကို လက်စားချေလာနိုင်ခြေကို စိုးရိမ်ကြလို့ဖြစ်ပါတယ်။

တာလီဘန်တွေ အစ္စလာမစ်ဥပဒေကို တင်းကြပ်တဲ့ပုံစံနဲ့ ပုံဖော်ပြီး အသက်သွင်းလာမှာကိုလည်း ပြည်သူအများစုက စိုးရိမ်ကြောက်ရွံ့ကြပါတယ်။ တာလီဘန်တွေဟာ ဒီဥပဒေတွေနဲ့ ၁၉၉၆ ကနေ ၂၀၀၁ အထိ အာဖဂန်ကို ထိန်းချုပ်ခဲ့တာပါ။ အဲဒီတုန်းကဆိုရင် အမျိုးသမီးတွေဟာ ကျောင်းတက်ခွင့်မရ၊ အိမ်ပြင်ပထွက်ပြီး အလုပ်လုပ်ခွင့် မရကြပါဘူး။ အပြင်ထွက်မယ်ဆိုရင် တစ်ကိုယ်လုံးကို ဝတ်ရုံနက်နဲ့ဖုံးလွှမ်းပြီး သွားရသလို ဆွေမျိုးတော်စပ်တဲ့ အမျိုးသားတစ်ဦးလည်း အဖော်အဖြစ် လိုက်ပါရပါတယ်။

တာလီဘန်တွေဟာ ဂီတကိုလည်း ပိတ်ပင်တားမြစ်ထားသလို သူခိုးတွေကို လက်ဖြတ်တာ၊ အိမ်ထောင်ရေးဖောက်ပြန်သူတွေကို ခဲနဲ့ပစ်ပေါက်ပြီး အပြစ်ပေးတာ စတဲ့နည်းလမ်းတွေ ကျင့်သုံးပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာတော့ တာလီဘန်တွေဟာ အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးမယ့်သူတွေအဖြစ် ပြသမှုတွေရှိခဲ့သလို လက်တုံ့ပြန်မှုတွေ လုပ်မှာမဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ အာဖဂန်အများစုကတော့ တာလီဘန်တွေရဲ့ ကတိတွေကို သံသယဝင် မေးခွန်းထုတ်နေကြဆဲပါ။

◼ တာလီဘန်တွေ ဘာလို့ ခုအချိန်မှာ ဝင်သိမ်းကြတာလဲ

အမေရိကန်တပ်တွေ ဒီလကုန်မှာ အပြီးရုတ်သိမ်းဖို့ စီစဉ်ထားတဲ့အတွက် ဖြစ်နိုင်ပါတယ်။ အမေရိကန်တွေဟာ ဆယ်စုနှစ် ၂ ခုစာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ သူတို့ရဲ့ အရှည်ကြာဆုံးစစ်ပွဲတည်ရှိရာ အာဖဂန်ကနေ ထွက်ခွာဖို့ ကြိုးစားနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။

အမေရိကန်တပ်ဖွဲ့တွေဟာ ၉/၁၁ တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူ အယ်ကိုင်းဒါးတပ်ဖွဲ့တွေကို လက်ခံထားတဲ့ တာလီဘန်တွေကို လပိုင်းအတွင်း မောင်းထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေ ထပ်တလဲလဲဖြစ်ပွားနေတဲ့ အာဖဂန်မှာ နယ်မြေထိန်းချုပ်ဖို့နဲ့ နိုင်ငံတည်ဆောက်ရေးကို ဖော်ဆောင်ဖို့ဆိုတာ ပိုမိုခက်ခဲမှန်းကို အမေရိကန်တွေ မြင်တွေ့ခဲ့ရပါတယ်။

အမေရိကန်ရဲ့ ဦးတည်ရာက အီရတ်ဘက်ကို ရွေ့လာတာနဲ့အမျှ အာဖဂန်တာလီဘန်တွေဟာ အင်အားပြန်လည်စုစည်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း တာလီဘန်တွေဟာ နိုင်ငံရဲ့ ကျေးလက်ဧရိယာတွေမှာ ပြန်လည်ခြေကုပ်ယူနိုင်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်အရောက်မှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အမေရိကန်တပ်တွေ အာဖဂန်က ပြန်လည်ဆုတ်ခွာမယ့် အစီအစဉ်တစ်ရပ်ကို ကြေညာခဲ့ပါတယ်။ တာလီဘန်တွေနဲ့လည်း ညှိနှိုင်းမှုတွေပြုလုပ်ပြီး တာလီဘန်တွေအပေါ် အမေရိကန်တွေရဲ့ အရေးယူမှုတွေကို ကန့်သတ်ခဲ့ပါတယ်။ ဒီနောက်မှာ တက်လာတဲ့ သမ္မတဂျိုးဘိုင်ဒန်က ၂၀၂၁ သြဂုတ်လကုန်ကို နောက်ဆုံးထားပြီး အမေရိကန်တပ်တွေ အာဖဂန်က ရုတ်သိမ်းမယ်လို့ ကြေညာခဲ့ပါတယ်။

အပြီးသတ်ရုတ်သိမ်းမယ့် နောက်ဆုံးအချိန် နီးကပ်လာတာနဲ့အမျှ တာလီဘန်တွေဟာ မြန်မြန်ဆန်ဆန်ပဲ ထိုးစစ်တွေဆင်နွှဲပြီး တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

◼ အာဖဂန်လုံခြုံရေးတပ်တွေ ဘာလို့ ပြိုကွဲသွားရတာလဲ

တိုတိုပဲဖြေရရင်တော့ အကျင့်ပျက်ခြစားမှုကြောင့်ပါ။ အမေရိကန်နဲ့ နေတိုးအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ ဒေါ်လာ ဘီလျံပေါင်းများစွာသုံးပြီး အာဖဂန်လုံခြုံရေးတပ်တွေကို လက်နက်တပ်ဆင် သင်တန်းပေးခဲ့ပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေ ကျောထောက်နောက်ခံပေးထားတဲ့ အာဖဂန်အစိုးရအုပ်စုအတွင်း အကျင့်ပျက်ခြစားမှုတွေ ထူပြောခဲ့ပါတယ်။ တပ်မှူးတွေဟာ ထောက်ပံ့ပစ္စည်းယူမယ့် တပ်သားအရေအတွက်ကို ချဲ့ကားပြောဆိုတာတွေရှိသလို မြေပြင်မှာ တကယ်လုပ်နေရတဲ့ တပ်သားတွေအတွက်ကျပြန်တော့ လက်နက်ခဲယမ်း၊ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာအထိ ချို့တဲ့တာတွေ မကြာခဏကြုံရပါတယ်။

အမေရိကန်တွေ နိုင်ငံကထွက်ခွာဖို့ သေချာလာလေ သူတို့တွေရဲ့ အကျင့်စရိုက်တွေ ပိုဆိုးလေလေ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ ရက်တွေအတွင်း တာလီဘန်တွေ ထိုးစစ်ဆင်တော့ မည်ကာမတ္တ တိုက်ပွဲလောက်ပဲရှိခဲ့ပြီး တပ်ရင်းတစ်ခုလုံး လက်နက်ချတာမျိုးအထိ ဖြစ်ခဲ့ပါတယ်။ မြို့တော်ကဘူးနဲ့ အနီးအနားဒေသတွေဟာ တိုက်ပွဲမရှိဘဲ ကျဆုံးခဲ့တာဖြစ်ပါတယ်။

◼ အာဖဂန်သမ္မတ ဘာဖြစ်သွားလဲ

ထွက်ပြေးသွားပါတယ်။ နိုင်ငံတစ်ဝန်း တာလီဘန်တွေ မြန်မြန်ဆန်ဆန် သိမ်းပိုက်နေချိန်မှာ သမ္မတအာရှရက်ဂါနီဟာ ပုန်းလျှိုးကွယ်လျှိုးနဲ့ပဲ ရှိနေခဲ့ပြီး ကြေညာချက် နည်းနည်းပါးပါး ထုတ်ပြန်ခဲ့ပါတယ်။

တာလီဘန်တွေ ကဘူးမြို့ဆီရောက်လာတဲ့ သြဂုတ်လ ၁၅ ရက် တနင်္ဂနွေနေ့မှာ သမ္မတဟာ အာဖဂန်က ထွက်ခွာသွားပါတယ်။ သွေးစွန်းမှုတွေ ထပ်မဖြစ်အောင် ရှောင်ရှားတဲ့အနေနဲ့ နိုင်ငံက ထွက်ခွာသွားဖို့ ရွေးချယ်လိုက်တာလို့ ပြောသွားပါတယ်။ သူ ဘယ်နေရာကို ထွက်သွားသလဲ တိတိပပ မသိရပါဘူး။

◼ အာဖဂန်စစ်ပွဲကို ဆိုင်ဂုံကျဆုံးခန်းနဲ့ယှဉ်ပြီး ပြောနေကြတာ ဘာကြောင့်လဲ

၁၉၇၅ ခုနှစ်မှာ မြောက်ဗီယက်နမ်တပ်ဖွဲ့တွေ ဆိုင်ဂုံမြို့ကို သိမ်းပိုက်မှုနဲ့အတူ ဗီယက်နမ်စစ်ပွဲကြီး အဆုံးသတ်ခဲ့ပါတယ်။ ထိုအချိန်က အမေရိကန်တွေနဲ့ သူတို့ရဲ့ ဗီယက်နမ်မဟာမိတ်တွေကို မြို့တော်ကနေ ရဟတ်ယာဉ်တွေနဲ့ ကယ်ထုတ်တဲ့ဖြစ်စဉ်ဟာ ကျရှုံးမှုရဲ့ သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကတော့ အာဖဂန်ဖြစ်ရပ်ကို ဗီယက်နမ်နဲ့နှိုင်းယှဉ်တာကို ငြင်းပယ်ပါတယ်။ “ဒါဟာ ဆိုင်ဂုံမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသာပါတယ်” လို့ သူကပြောပါတယ်။

◼ အာဖဂန်နစ္စတန်မှာ ဘာဆက်ဖြစ်လာမလဲ

ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ တာလီဘန်တွေကတော့ အခြားအုပ်စုတွေနဲ့ပူးပေါင်းပြီး “အကုန်ပါဝင်တဲ့ အစ္စလာမစ်အစိုးရ” တစ်ရပ် ဖွဲ့စည်းလိုတယ်လို့ ပြောထားပါတယ်။ ယခင်အစိုးရ ခေါင်းဆောင်ပိုင်းတွေအပါအဝင် ဝါရင့် နိုင်ငံရေးသမားတွေနဲ့လည်း ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေကြပါတယ်။

တာဘီဘန်တွေဟာ အစ္စလာမစ်ဥပဒေကို ပြဋ္ဌာန်းကျင့်သုံးဖို့ သန္နိဌာန်ချထားပါတယ်။ ဒါပေမဲ့ ဆယ်စုနှစ်နဲ့ချီကြာမြင့်ခဲ့တဲ့ စစ်ပွဲအပြီးမှာ ဘဝနေထိုင်မှုတွေ ပုံမှန်ပြန်ဖြစ်အောင် ကူညီထောက်ပံ့ပေးမယ်လို့လည်း ပြောပါတယ်။

တစ်ဘက်မှာကျပြန်တော့လည်း အာဖဂန်အများအပြားဟာ တာလီဘန်တွေကို မယုံကြပါဘူး။ အကြမ်းဖက်အုပ်ချုပ်မှာ၊ ဖိနှိပ်မှာကို ကြောက်ကြပါတယ်။ လူတွေကို စိုးရိမ်စေတဲ့ လုပ်ရပ်တစ်ခုကတော့ နိုင်ငံရဲ့အမည်ကို အာဖဂန်နစ္စတန် အစ္စလာမစ်စော်ဘွားများနိုင်ငံအဖြစ် အမည်ပြောင်းလိုတဲ့ တာလီဘန်တွေရဲ့ ဆန္ဒဖြစ်ပါတယ်။ ဒီနာမည်ဟာ အာဖဂန်ကို သူတို့ နောက်ဆုံးအုပ်ချုပ်ခဲ့စဉ်က ခေါ်တွင်သုံးစွဲခဲ့တဲ့အမည်ပါ။

◼ တာလီဘန်တွေရဲ့ သိမ်းပိုက်မှုဟာ အမျိုးသမီးတွေအပေါ် ဘယ်လိုရိုက်ခတ်နိုင်သလဲ

ဒီလုပ်ရပ်ဟာ အမျိုးသမီးအခွင့်အရေးအတွက် ဆိုးဆိုးရွားရွား နောက်ကြောင်းပြန်သွားတဲ့သဘော ဖြစ်နေမှာကို လူအများက စိုးရိမ်နေကြပါတယ်။

တာလီဘန်တွေ မရှိတဲ့အချိန်မှာ အာဖဂန်အမျိုးသမီးတွေကြားမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲ ကြီးကြီးမားမားတွေ ရရှိခဲ့ကြပါတယ်။ တာလီဘန်တွေ ပြန်ရောက်လာရင် သူတို့တွေ နေအိမ်ထဲမှာပဲ တစ်ကျော့ပြန် ပိတ်လှောင်ခံရမှာကို အများစုက စိတ်ပူကြပါတယ်။

တာလီဘန်တွေကတော့ သူတို့ဟာ အမျိုးသမီးတွေ ကျောင်းတက်ခွင့်ကို မကန့်ကွက်တော့ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အမျိုးသမီးအခွင့်အရေး တွေနဲ့ပတ်သက်တဲ့ မူဝါဒတွေတော့ ရှင်းရှင်းလင်းလင်း မရှိထားပါ။

အာဖဂန်ဟာ အလွန်အမင်း ရှေးရိုးစွဲနိုင်ငံအဖြစ် ရှိနေဆဲပါ။ အထူးသဖြင့် မြို့ကြီးတွေရဲ့ ပြင်ပဧရိယာတွေမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ အဆင့်အတန်းတွေဟာ တာလီဘန်တွေရဲ့ အုပ်ချုပ်မှုအောက်မှာလည်း ပုံစံမျိုးစုံ ကွဲပြားပါတယ်။

◼ တာလီဘန်တွေဟာ အယ်ကိုင်းဒါးတွေရဲ့ ခိုလှုံရာ ဖြစ်လာဦးမလား

တိတိပပ မပြောနိုင်ပါဘူး။ ဒါပေမဲ့ အမေရိကန်စစ်ဘက်အရာရှိတွေကတော့ စိုးရိမ်နေကြပါတယ်။

အမေရိကန်နဲ့ တာလီဘန်တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ရပ်ကို ပြီးခဲ့တဲ့နှစ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်မှာ အကြမ်းဖက်မှုကို တိုက်ဖျက်မယ်၊ အာဖဂန်နစ္စတန်ဟာ တိုက်ခိုက်မှုတွေအတွက် အခြေစိုက်နေရာ ဖြစ်မလာအောင် ကာကွယ်မယ်လို့ တာလီဘန်တွေက ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ ဒီအချက် အတည်ဖြစ်လာအောင် အမေရိကန်ဘက်က ဖိအားပေးမှု မရှိသလောက်ပါပဲ။

အမေရိကန်ပြည်ထောင်စုဟာ နည်းပညာအားသာချက် ရှိပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ယီမင်နဲ့ ဆိုမာလီယာလို နိုင်ငံမျိုးမှာ တပ်ဖွဲ့ဝင်တွေ အခြေစိုက်ထားတာမရှိပေမဲ့ သံသယရှိတဲ့ စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားတာမျိုးတွေ နည်းပညာအားကိုးနဲ့ လုပ်နိုင်ခဲ့ပါတယ်။

တာလီဘန်တွေဟာ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှုအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရပြီးဖြစ်တဲ့အတွက် သူတို့ အာဏာတည်မြဲအောင် ကြိုးစားနေချိန်မှာ ဒီလုပ်ရပ်မျိုးထပ်မလုပ်ဘဲ ရှောင်မယ်လို့ မျှော်လင့်ရတာပါပဲ။

ဒါပေမဲ့ ဒီနှစ်အစောပိုင်းမှာ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ အယ်ကိုင်းဒါးလို အစွန်းရောက်အုပ်စုတွေဟာ အာဖဂန်ထဲမှာ ပြန်လည်ပေါက်ဖွားလာနိုင်ခြေရှိနေတယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ အရာရှိတွေက ဒီလိုအုပ်စုမျိုးဟာ ထင်ထားတာထက်ကို ပိုပြီး မြန်မြန်ဆန်ဆန် အားကောင်းလာနိုင်တယ်လို့ သတိပေးနေကြပါပြီ။

အာဖဂန်နစ္စတန်ဟာ အစ္စလာမစ်နိုင်ငံတော်အုပ်စု IS ရဲ့ အစွယ်အပွားအုပ်စုတစ်ခု အခြေစိုက်တဲ့နေရာလည်း ဖြစ်နေပါသေးတယ်။ IS အုပ်စုဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ရှီးယိုက်လူနည်းစုတွေအပေါ် ထိတ်လန့်ဖွယ်ရာ တိုက်ခိုက်မှုတွေ တစ်ပြုံတစ်ခေါင်း ပြုလုပ်ခဲ့ကြပါတယ်။

တာလီဘန်တွေဟာ IS ရဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး အုပ်စုနှစ်ခုအကြား နယ်မြေစိုးမိုးရေးတိုက်ပွဲတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ တာလီဘန်အစိုးရအနေနဲ့ IS တွေကို နှိမ်နင်းလိုစိတ်ရှိသလား၊ နှိမ်နင်းနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်းပါ။

ရာဗီချန်ဒရာကူးမား

(ရည်ညွှန်း - “EXPLAINER: The Taliban takeover, what’s next for Afghanistan” by Joseph Krauss2, AP, ဓာတ်ပုံ - AP)

 
 

 

 

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...