လှိုင်သာယာမြို့နယ်မှ ပရဟိတသမား ၇ ဦး အဖမ်းခံရ ဦးဆောင်သူကို နေ‌ရာပြောင်းရွှေ့ထား၍ စုံစမ်းမရ

လှိုင်သာယာမြို့နယ်မှ ပရဟိတသမား ၇ ဦး အဖမ်းခံရ ဦးဆောင်သူကို နေ‌ရာပြောင်းရွှေ့ထား၍ စုံစမ်းမရ

စစ်အုပ်ချုပ်ရေး သတ်မှတ်ထားသည့် လှိုင်သာယာမြို့နယ်က ပရဟိတသမားတစ်ဦးဖြစ်သည့် ကိုသားဇော်အား ဩဂုတ် ၁၁ ရက် ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့ပြီး လက်ရှိ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရ‌ေသးကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက်ထံက သိရသည်။

လှိုင်သာယာမြိုနယ်တွင် ကိုသားဇော် အပါအဝင် ခုနှစ်ဦးအား လှိုင်သာယာ အရှေ့ပိုင်းရဲစခန်းတွင် အတူဖမ်းထားခဲ့သည်။

နောက်တစ်နေ့ နံနက်တွင် ကိုသားဇော်အား စစ်ကြောရေးမဟုတ်သည့် အခြားတစ်နေရာသို့ ပို့ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးကြောင်း ၎င်း၏မိတ်ဆွေများက ပြောသည်။

အသက် ၃၃ နှစ်အရွယ် ပရဟိတသမား ကိုသားဇော်သည် ဖမ်းဆီးခံရစဉ်က ရိုက်နှက်နှိပ်စက်မှုဒဏ်များကြောင့် ဆေးရုံတွင် ကုသမှုခံယူခဲ့ရ‌သေးသည်။

“စစ်ကောင်စီတပ်တွေက သူ့ကို ဝိုင်းရိုက်ကြလို့ ကွဲပြဲပြီး ဆေးရုံမှာ ကုသခဲ့ရတယ်လို့ ပြန်ကြားရတယ်။ စစ်ကြောရေးတော့ မဟုတ်ဘူး။ စစ်ကြောရေးထက် ဆိုးတယ်လို့ပြောတယ်။ သေချာမသိရဘူး။ သူ့ကို ဖောက်ခွဲရေးတွေလုပ်နေတယ်။ ပေါက်ကွဲမှုတွေက သူနဲ့ ပတ်သက်နေတယ်ဆိုပြီး သတင်းတွေကလဲ ထွက်နေတာ၊ သူက ပရဟိတပဲ တောက်လျှောက်လုပ်တာ၊ သူက လှိုင်သာယာမှာ နာမည်ရှိတော့ သူ့အတွက် တော်တော်စိုးရိမ်နေရတယ်” ဟု ပရဟိတ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောသည်။

ကိုသားဇော်သည် လှိုင်သာယာမြို့နယ်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ဖမ်းဆီးမှုများရှိလာသည့်အတွက် လှိုင်သာယာမှ တိမ်းရှောင်နေရသူဖြစ်ပြီး ကိုဗစ်တတိယလှိုင်းအတွင်း အောက်ဆီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းကူညီ‌ပေးရန်အတွက် ပြန်လည်ရောက်ရှိလာချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းသည် လှိုင်သာယာမြို့နယ်ရှိ လူမှုရေးကိစ္စများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ပြီး ဆန္ဒပြပွဲများဖြစ်ပွားသည့်အချိန်က ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဦးဆောင်ခဲ့သည့်အပြင် သားဇော်အမည်ဖြင့် သီချင်းများ သီဆို‌နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၁၂ ရက်အထိ စစ်ကောင်စီလက်ချက်ကြောင့် ပြည်သူ ၉၆၆ ဦး သေဆုံးခဲ့ရပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၅,၅၆၂ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...