ရခိုင်မှ တောင်သူလယ်သမားများကို စိုက်ပျိုးရေးချေးငွေ ထုတ်ချေးပေးနေ

ရခိုင်မှ တောင်သူလယ်သမားများကို စိုက်ပျိုးရေးချေးငွေ ထုတ်ချေးပေးနေ

ရခိုင်ပြည်နယ်မှ တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေပေးနေပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ) မှ သိရသည်။

“ကျနော်တို့ လယ်သမားတွေကို အားလုံးမြို့နယ်တိုင်းမှာ ထုတ်ချေးပေးနေတယ်။ ဒါပေမဲ့ အခုက ကိုဗစ်နဲ့ဆိုတော့ တချို့မြို့နယ်တွေမှာ သွားရေးလာရေးတွေ အခက်ခဲတွေရှိနေတယ်” ဟု မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ) မှ ဘဏ်မန်နေဂျာ ဦးအေးသိန်းက DMG သို့ပြောသည်။

စိုက်ပျိုးရေးစရိတ်ချေးငွေများမှာ ယမန့်နှစ်ကချေးထားသော ချေးငွေများကို ပြန်ဆပ်သည့် လယ်သမားများကိုသာ ထုတ်ချေးခြင်းဖြစ်ပြီး ထိုချေးငွေများကို ရရှိပြီးဖြစ်ကြောင်း မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှ လယ်သမား ဦးစိုးနိုင်က ပြောသည်။

“ကျနော်တို့မြို့နယ်မှာ ချေးနေတာကတော့ တစ်ပတ်လောက်ရှိပြီ။ အရင်နှစ်က ချေးထားတဲ့ငွေတွေကို ပြန်ဆပ်ထားတဲ့သူတွေကို ချေးတာပါ။ မဆပ်လိုက်နိုင်တဲ့သူတွေတော့ မပါဘူး။ ကျနော်တို့ဖက်မှာ ရေကြီးခဲ့တာဆိုတော့ စပါးတွေ ပြန်စိုက်နေရတယ်။ အခက်ခဲတွေတော့ရှိတာပေါ့” ဟု ၎င်းကဆိုသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေမှာ လယ်သမားတစ်ဦးကို လယ် ၁၀ ဧကအောက် ချေးပေးနေခြင်းဖြစ်ပြီး တစ်ဧကကို ချေးငွေ ၁ သိန်းခွဲနှုန်းဖြင့် ချေးပေးခြင်းဖြစ်သည်။

ချေးငွေများကို လယ်သမားများမှပြန်ဆပ်သည့်အခါ ငွေ ၁ သိန်းကို အတိုး ၁ သောင်းခွဲနှုန်းဖြင့် ပြန်ဆပ်ရကြောင်း လယ်သမားများထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်က မိုးစပါးစိုင်ပျိုးရေးစရိတ်ချေးငွေ (ကျပ် ၇၉ ဒသမ ၈၅ ဘီလီယံ) အား ထုတ်ချေးပေးခဲ့ရာ ၂၀၂၀ ခုနှစ် မေလ ၂၇ ရက်နေ့အထိ ချေးငွေပြန်ဆပ်မှုမှာ (၁၁ ဒသမ ၁၀ ဘီလီယံ) ခန့်သာရှိသေးကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ) ၏ စာရင်းအရ သိရသည်။

ယင်းသို့ လယ်သမားများ ချေးငွေမဆပ်နိုင်ခြင်းမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် လယ်ယာထွန်ယက်စိုက်ပျိုးရန် အခက်အခဲဖြစ်ခြင်း၊ ထွန်ယက်ပြီးစပါးများ မရိတ်သိမ်းနိုင်ခြင်းနှင့် စပါးရောင်းဝယ်ရေး အဆင်မပြေခြင်းတို့ကြောင့်ဖြစ်သည်ဟု တောင်သူများက ဆိုကြသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက “တောင်သူ့လယ်သမားတွေမှာ သမရိုးကျပြောရရင် အခက်ခဲတွေအများကြီးရှိကြတာပေါ့။ အဓိကတော့ မျိုးစပါးတွေ၊ ဓာတ်မြေသြဇာတွေလိုအပ်တယ်။ အခုက ဒီရေကြောင့်ဆုံးရှုံးသွားတဲ့ လယ်ဧကတွေလည်းရှိတယ်။ အဲဒီဆုံးရှုံးသွားတဲ့ လယ်ဧကတွေကို မဖြစ်မနေအထောက်အပံ့ပေးဖို့လိုအပ်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲဖြစ်ပွားမှုများကြောင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ မြေပုံ စသည့်မြို့နယ်များတွင် ၂၀၁၉ ခုနှစ်က စပါးမစိုက်ပျိုးနိုင်ခဲ့သည့် လယ်ဧကပေါင်း ငါးသောင်းကျော်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် မစိုက်ပျိုးနိုင်ခဲ့သည့် လယ်ဧကမှာ တစ်သိန်းကျော်အထိရှိခဲ့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူသမဂ္ဂ၏စာရင်းအရ သိရသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် စိုက်ပျိုးမြေဧကပေါင်း ၁၂ သိန်းခန့်ရှိပြီး တောင်သူများစစ်ဘေးရှောင်နေရခြင်း၊ စိုက်ပျိုးရေးစရိတ်ကြီးခြင်းတို့ကြောင့် ယခု ၂၀၂၁ ခုနှစ်တွင် လယ်ဧက ၈၅၀,၀၀၀ ခန့်ကိုသာ စိုက်ပျိုးနိုင်ကြောင်းသိရသည်။

ယခုနှစ်တွင် ရေကြီးမှုကြောင့် ပြည်နယ်အတွင်းမှ စပါးစိုက်ဧကပေါင်း ၁၂၈၀၀ ခန့်ပျက်စီးမှုရှိခဲ့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂကဆိုသော်လည်း ပြည်နယ်ကောင်စီကမူ စပါးစိုက်ဧက ၆၀၀ ခန့်သာပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

ယင်းသို့ သဘာဝဘေးဒဏ်ကြောင့်ပျက်စီးသွားသည့် စပါးစိုက်ဧကများအတွက် ပြည်နယ်ကောင်စီမှမည်ကဲ့သို့ဆောင်ရွက်ပေးသွားမည်ကို မသိရသေးပေ။

ရေနစ်မြုပ်သွားသည့် လယ်ယာမြေများတွင် စပါးပြန်လည်စိုက်ပျိုးရန် ပျိုးပင်များရှားပါးနေသည့်အတွက် တောင်သူများမှာ အခက်အခဲကြုံနေကြောင်း သိရသည်။

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...