မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ စစ်ဆေးရေး ဂိတ်တွင် စစ်အုပ်စုတပ်က ဖမ်းဆီးသွားခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့က ရခိုင်သို့ ပြန်လာကြသည့် အမျိုးသား ၈ ဦးကို မြင်းမူမြို့နယ်ရှိ စစ်ဆေးရေး ဂိတ်၌ စစ်ဆေးမေးမြန်းပြီးနောက် ၆ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်နှစ်ဦးကို အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကံကျွန်းကြီးကျေးရွာဇာတိဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဦးကျော်သန်းလွင်မှာ ဖုန်း အတွင်းပါသည့် ဓာတ်ပုံကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး နောက်ထပ် (အမည်စုံစမ်းဆဲ) တစ်ဦးမှာ ခန္ဓာကိုယ်တွင် ရခိုင်တံဆိပ် တက်တူးထိုးထားခြင်းကြောင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ဦးကျော်သန်းလွင်မှာ ဖမ်းဆီးခံရပြီးနောက် စစ်အုပ်စုတပ်၏ ရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးသွားပြီဟု ဇနီးဖြစ်သူ ဒေါ်ခင်မာတင်က ယုံကြည်နေသည်။
“ကျမ အမျိုးသားကျတော့ ဖုန်းမှာပါတဲ့ ဓာတ်ပုံတွေကြောင့် ဖမ်းပြီးသတ်ခံရတယ်။ ပြီးတော့ သူ့အလောင်းကို အပြင်ဘက်ကို ဆွဲပြီးယူသွားတာ တွေ့လိုက်ရတယ်လို့ သူနဲ့အတူတူ ရခိုင်ကိုသွားတဲ့သူက ပြောလာတယ်” ဟု ဒေါ်ခင်မာတင်က ပြောသည်။
ဖမ်းဆီးခံရသူ ဦးကျော်သန်းလွင်မှာ ကျန်းမာရေးကြောင့် ဗိုက်ခွဲထားရကာ ရခိုင်တွင်ရှိသည့် သားသမီးများထံ ပြန်လာစဉ် လမ်းခရီး၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဒေါ်ခင်မာတင်က “ဗိုက်ခွဲထားရလို့ တစ်ချက်တောင် အရိုက်ခံနိုင်မှာ မဟုတ်ဘူး။ မလေးရှားမှာလည်း အလုပ် လည်း မလုပ်နိုင်၊ အစာလည်း မစားနိုင်လို့ သားသမီးဆီကို သွားတဲ့လမ်းမှာ အခုလိုဖြစ်တာ။ ပွဲစားတွေကလည်း အသက်ကို အာမမခံနိုင်ကြဘူး” ဟု ဆက် ပြောသည်။
ဖမ်းဆီးခံရသည့်အထဲတွင် ပါဝင်သည့် နောက်ထပ် အမျိုးသားတစ်ဦးမှာလည်း တစ်ပတ်ကျော်ကြာသည် အထိ ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။
အခြေအနေကို သိရှိသူ အမျိုးသမီးတစ်ဦးက “အဆက်အသွယ်ကတော့ မရတော့ဘူး။ စစ်ကိုင်းက တပ်မ ၃၃ ကို ပို့ထားတယ်လို့တော့ သတင်းကြားမိတာ ရှိတယ်။ ဖမ်းဆီးခံရပြီဆိုရင်တော့ ဘာမှ မတတ်နိုင်ဘူး” ဟု ပြော သည်။
မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် အလုပ်လုပ်ကိုင်နေကြသည့် ရခိုင်ရွှေ့ပြောင်းလုပ်သားများမှာ အကြောင်း အမျိုးမျိုးကြောင့် ရခိုင်သို့ ပြန်လာရာ၌ လမ်းခုလတ်တွင် စစ်အုပ်စုတပ်က မကြာခဏ ဖမ်းဆီးမှုများ ပြုလုပ် လျက်ရှိသည်။
အထူးသဖြင့် ရခိုင်ပြည်သို့ ဝင်ပေါက်ဖြစ်သည့် မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်းတို့တွင် ဖမ်းဆီးခံရမှု အများဆုံးဖြစ် သည်။







