စနစ်အမှားကြောင့် အပြစ်များနေကြရသူတွေ

စနစ်အမှားကြောင့် အပြစ်များနေကြရသူတွေ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက  ရခိုင်ပြည်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့က ကုတင် ၅၀၀ ဆံ့ ဆေးရုံကြီးပေါ်မှာ လူနာရှင် အမျိုးသမီးတွေက တာဝန်ကျသူနာပြုတစ်ယောက်ကို အော်ဟစ်ဆဲဆို ကြိမ်းမောင်းနေတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့တာကို တွေ့ရပါတယ်။

လူနာရှင်တွေကလည်း ကိုယ့်ရဲ့မိသားစုဝင်တစ်ယောက်အတွက် စိုးရိမ်ပူပန်ကြမှာ အမှန်ပါပဲ။ သို့သော်လည်း ဌာနဆိုင်ရာအလုပ်တွေမှာ လုပ်ပိုင်ခွင့်ဆိုတာ ရှိပါတယ်။ သူနာပြုတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်က ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်းသာ လုပ်ပေးကြရတာပါ။ သူနာပြုတစ်ယောက်က အောက်ဆီဂျင်ကို ကိုယ့်သဘောနဲ့ကိုယ် ပေးပိုင်ခွင့် ရှိပါ့မလား။

အဲဒီနောက်မှာတော့ သူနာပြုတချို့က သူတို့အပေါ် လေးစားအားနာမှုမရှိလို့ဆိုပြီး အလုပ်ကိုမလာဘဲ နေခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ ပြည်နယ် စစ်ကောင်စီက ဆေးရုံဝန်ထမ်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်း(သူနာပြု)တွေကို မီဒီယာတွေနဲ့ အင်တာဗျူးဖြေခွင့်ကို ပိတ်ပင်လိုက်ကြပါတော့တယ်။

ဆိုတော့ ဒီပြဿနာက ဒီလောက်နဲ့ ပြီးဆုံးသွားပြီလား။ မဟုတ်ပါ၊ မပြီးဆုံးနိုင်သေးပါ။ ဒီလိုဖြစ်လာရတဲ့ အဓိက ပြဿနာက သက်ဆိုင်ရာ အုပ်ချုပ်သူတွေရဲ့ စီမံခန့်ခွဲမှု အားနည်းတာကြောင့်သာ ဖြစ်ပါတယ်။

ပြဿနာတစ်ရပ်ကို ဖြေရှင်းရာမှာ Motive ဆိုတဲ့ အကြောင်းရင်းကို ရှာရပါလိမ့်မယ်။ အခုလို ဖြေရှင်းလိုက်ပုံက မှန်ကန်မှုမရှိဘဲ မလျော်သြဇာကိုသုံးပြီး ဖြေရှင်းလိုက်ခြင်းသာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရက္ခိုင့်တပ်တော်ရဲ့ တပ်မှူးချုပ်ကိုယ်တိုင် ကျန်းမာရေးဝန်ထမ်းတွေကို လေးစားဖို့ ပြောလာရတဲ့အထိ ဖြစ်သွားပါတော့တယ်။

ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူကိုယ်တိုင်က ရခိုင်ပြည်အတွင်း အောက်ဆီဂျင် လုံလောက်မှုရှိတယ်လို့ မီဒီယာတွေကို ဖြေဆိုထားပါတယ်။ နောက်တစ်ပတ်အကြာမှာပဲ အောက်ဆီဂျင်လုံလောက်မှုကို ရရှိနိုင်ဖို့ ပြည်မကိုပဲ အားကိုးနေရသေးတယ်လို့ ဆိုလာပြန်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပြည်နယ်စစ်ကောင်စီဟာ လူထု ရရင် ရနိုင်သလောက်လှည့်စားမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

နောက်ထပ် ပြဿနာတစ်ရပ်ကလည်း လိပ်ခဲတည်းလဲ အနေအထားမှာ ရှိနေပါသေးတယ်။  အဲဒါကတော့ ကိုယ်ထူကိုယ်ထ အောက်ဆီဂျင်ထုတ်လုပ်တဲ့ စက်ရုံတွေကိစ္စပါ။ ပြည်နယ် စစ်ကောင်စီဟာ ကိုယ်ထူကိုယ်ထ အောက်ဆီဂျင် ထုတ်လုပ်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ နောက်ပိုင်းမှသာ အားမတန်လို့ မာန်လျှော့တဲ့ ပုံစံနဲ့ နောက်ဆုတ်သွားခဲ့တာပါ။

ကိုယ်တိုင်လည်း လုံလောက်အောင် ထုတ်လုပ်နိုင်မှုမရှိဘဲ တစ်ဖက်တလမ်းက အကူအညီပေးနေသူများကို ထိန်းချုပ်ကန့်သတ်ချင်တာက နေရာတကာမှာ အာဏာသုံးပြီး ဖြေရှင်းလိုတဲ့ သဘောထားသာဖြစ်ပါတယ်။

မြို့နယ်ပေါင်းစုံက ပရဟိတ ဆောင်ရွက်နေသူတွေက ပြည်သူတွေ ကျန်းမာရေးအတွက် စဉ်းစားပူပန်ပြီး တတ်နိုင်သလောက် ဆောင်ရွက်နေကြချိန်မှာ ပြည်နယ်ကောင်စီက ၎င်းတို့၏ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုနဲ့ ထိန်းချုပ်ဖို့သာ ကြိုးစားနေတာကို တွေ့မြင်နေရပါတယ်။

တကယ့် လက်တွေ့ ပြဿနာ ရှိနေတာက လျှပ်စစ်မီး ပြတ်တောက်မှု ပြဿနာပါ။ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ကိုယ်ထူကိုယ်ထ တည်ဆောက်ထားကြတဲ့ အောက်ဆီဂျင်စက်ရုံတွေဟာ အောက်ဆီဂျင်ထုတ်လုပ်မှု နှောင့်နှေး ကြန့်ကြာနေကြရပါတယ်။ ဒီပြဿနာကို ပြည်နယ်စစ်ကောင်စီအနေနဲ့ ဘယ်လိုမျိုး ဖြေရှင်းပေးနိုင်မှာလဲ။ ကိုဗစ်ရောဂါအခြေအနေကလည်း ဆိုးသထက်ဆိုးလာနေတော့ အောက်ဆီဂျင်လိုအပ်မှုကလည်း မြင့်တက်လာမှာ အမှန်ပါပဲ။

အောက်ဆီဂျင်လိုအပ်မှု မြင့်မားလာတာနဲ့အမျှ ဆေးရုံဆေးခန်းတွေမှာလည်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာရှင်တွေရဲ့ ပြဿနာက ရှိကို ရှိလာမှာပဲ။

ဒါကြောင့် လူနာရှင်တွေအနေနဲ့လည်း ကျန်းမာရေးဝန်ထမ်းတွေအပေါ် နားလည်မှုပေးစေချင်သလို ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့လည်း လူနာတွေကို ကိုယ့်မိသားစုဝင်လို သဘောထားနိုင်ဖို့ လိုအပ်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် ဆဲဆိုကြိမ်းမောင်ပြီး အပြစ်ယူနေကြမဲ့အစား မေတ္တာတရား လက်ကိုင်ထားပြီး အပြန်အလှန်နားလည်မှု တည်ဆောက်ကြပါလို့ တိုက်တွန်းလိုပါတယ်။

အမှန်တကယ် အားနည်းချက်က စီမံခန့်ခွဲမှုစနစ် မှားယွင်းနေမှုကြောင့်ဆိုတာကို မြင်ကြဖို့ လိုအပ်ပါတယ်။ ပြည်နယ်စစ်ကောင်စီအနေဖြင့်လည်း ပြည်နယ်အတွင်း လိုအပ်မှုရှိနေဆဲဖြစ်တဲ့ အောက်ဆီဂျင်ကို ကိုယ်တိုင် ထုတ်လုပ်နိုင်မှု မရှိရင် ကိုယ်ထူကိုယ်ထ ထုတ်လုပ်နေသူများ အခက်အခဲ မဖြစ်ရလေအောင် လျှပ်စစ်မီးကို မပြတ်တောက်စေရန် စီမံဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။

ယင်းကြောင့် လိုအပ်ချက် ရှိနေတဲ့ အောက်ဆီဂျင်ကို အလုံအလောက် ရရှိနိုင်ရေးအတွက် ရခိုင်ပြည်နယ် စစ်ကောင်စီအနေဖြင့် စနစ်တကျ စီမံခန့်ခွဲပြီး ပရဟိတ အသင်းအဖွဲ့များကို ယခုထက်ပို၍ ကူညီအားပေးမှုများကို ဆောင်ရွက်ပေးသင့်ပါကြောင်း DMG က တိုက်တွန်းရေးသားလိုက်ရပါတယ်။

 
 

 

 

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...