ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အဆက်မပြတ် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဩဂုတ်လ ၉ ရက်နေ့ တစ်နေ့တည်းမှာ တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ပါတယ်။
ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း ဒိုမိုခိုကျေးရွာနဲ့ ဘီယာကျေးရွာအကြားမှာ အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကြောင်း ၃ ကြောင်းဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်မှုကို KA၊ KNDF ပူးပေါင်းတပ်မှ ခုခံတိုက်ခိုက်ခဲ့ပြီး ညနေပိုင်း ၂ နာရီခန့်မှာ တစ်ကြိမ်၊ ၅ နာရီခွဲမှာ တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် ဖယ်ခုံမြို့နယ် ခေါင်းအိနဲ့ လဝဲကျေးရွာအနီးမှာ ပင်လောင်းဖက်မှ စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်ကို KNDF က ပိတ်ဆို့တိုက်ခိုက်ခဲ့သဖြင့် ညနေ ၅နာရီခွဲမှာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိပြီး သေဆုံးမှုအရေအတွက်ကို အတည်နိုင်သေးဘူးလို့ KNDF က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ ကရင်နီပြည်နယ်အတွင်း အင်အားအများအပြား ဖြည့်တင်းနေပြီး နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ အများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။








