တိုက်ပွဲကြောင့် ဖယ်ခုံမြို့နဲ့ ဖရူဆိုမြို့ထဲက ကျေးရွာလေးရွာ စစ်ဘေးရှောင်နေရ

တိုက်ပွဲကြောင့် ဖယ်ခုံမြို့နဲ့ ဖရူဆိုမြို့ထဲက ကျေးရွာလေးရွာ စစ်ဘေးရှောင်နေရ

ယခုရက်ပိုင်းအတွင်း ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ရဲ့ အခြေအနေ တင်းမာပြီး တိုက်ပွဲကြောင့် ဖယ်ခုံမြို့နယ်-ဖရူဆိုမြို့နယ် နယ်စပ်မှ ဘီသူကျေးရွာအပါအဝင် ဖရူဆိုအနောက်ခြမ်းမှ ကျေးရွာသုံးရွာက စစ်ဘေးရှောင်နေရတယ်လို့ ၎င်းဒေသမှ စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖယ်ခုံမြို့နယ်နဲ့ ဖရူဆိုမြို့နယ် နယ်စပ်မှ ရွာလုံးကျွတ် တိမ်းရှောင်နေရတဲ့ ဘီသူကျေးရွာအပါအဝင် ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းမှ ဒိုမိုခို၊ ဘီယာ၊ ခေါဘာ စတဲ့ ကျေးရွာတွေက ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

“အများအားဖြင့် ကလေးနဲ့ ကိုယ်ဝန်ဆောင်တွေပေါ့ လသားအရွယ်တွေလည်းပါတယ် အများကြီး။ အဓိက ကလေးတွေပါတော့ သူတို့အတွက် ကလေးနို့မုန့်တို့၊ ဒိုင်ဘာတို့ အဓိကလိုအပ်တယ်။ ဒီဖက်က လမ်းပန်းဆက်သွယ်ရေး နည်းနည်းခက်တော့ ကလေးတွေအတွက် အဓိက လိုအပ်တယ်။ စားနပ်ရိက္ခာတို့၊ ကုန်ခြောက်တို့လည်းလိုတယ်” လို့ ၎င်းဒေသမှ စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

ဩဂုတ်လ ၁ ရက်နေ့မှ ၉ ရက်နေ့အတွင်း တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ပြီး ၈ ရက်နေ့ တစ်ရက်တည်းမှာ နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အခြေအနေ မငြိမ်သက်မချင်း ပြည်သူတွေက ဘေးလွတ်ရာမှာသာ နေထိုင်ရမှာဖြစ်တဲ့အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးတွေက အမြဲလိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူများ လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကော်မတီကနေ ကြိုးစားကူညီပေးနေပေမယ့် လုံလုံလောက်လောက်တော့ မဆောင်ရွက်ပေးနိုင်ဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ ဆေးဝါးတွေ အထူးလိုအပ်နေသေးတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းက မြင့်တက်လာတာ ဖြစ်တဲ့အတွက် စစ်ဘေးရှောင်တွေဆီကို ရိက္ခာတွေ အချိန်မရွေး အရောက်ပေးပို့နိုင်ဖို့ အခက်အခဲရှိတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်မှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“တတိယလှိုင်းအဖြစ် ကိုဗစ်ကူးစက်မှုနှုန်းလည်း ကျနော်တို့ပြည်နယ်မှာ ပိုပြီးတော့ မြင့်မားလာတော့ ကိုဗစ်နဲ့ပတ်သက်တဲ့ စက်ပစ္စည်းကိရိယာတွေပဲ ဖြစ်ဖြစ်၊ ပြီးတော့မှ လူတစ်ယောက်က နေကောင်းကျန်းမာဖို့အတွက် အရေးနဲ့အကြောင်းဖြစ်လာပြီဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေလည်း လိုအပ်တာပေါ့။ ဒီနောက်ပိုင်းမှာက ကုန်စီးဆင်းမှုတွေလည်း အရင်ကထက်စာရင် ပိုပြီးလျော့နည်းလာတာ ရှိသလို ငွေရေး၊ ကြေးရေး အခက်အခဲတွေလည်း အများကြီး ဖြစ်လာတဲ့အတွက်ကြောင့်မို့လို့ ဒုက္ခသည်တွေဆီကို စားနပ်ရိက္ခာတွေ ပုံမှန်အရောက်ပို့နိုင်ဖို့အတွက် ပြီးတော့မှ လုံလောက်တဲ့ ရိက္ခာတွေပို့နိုင်ဖို့ဆိုတာကတော့ တော်တော်လေး အခက်တွေ့တာပေါ့နော” လို့ သူက ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်မှုတွေ ပိုမိုလှုပ်ရှားလာတဲ့အတွက် နေ့၊ ညမရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တာကြောင့် မိဘပြည်သူများအနေနဲ့ ရိက္ခာ၊ ဆေးဝါးတွေ ကြိုတင်စုဆောင်းထားဖို့လည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က အသိပေး ကြေညာထားပါတယ်။

 
 

 

 

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...