ရခိုင်တွင် ရေကြီး၍ပျက်စီးသွားသည့် လယ်ယာများ၌ စပါးပြန်လည်စိုက်ပျိုးရန် လယ်သမားများ အခက်ကြုံနေ

ရခိုင်တွင် ရေကြီး၍ပျက်စီးသွားသည့် လယ်ယာများ၌ စပါးပြန်လည်စိုက်ပျိုးရန် လယ်သမားများ အခက်ကြုံနေ

ရခိုင်ပြည်နယ်တွင် ယခုနှစ်အတွင်း ရေကြီးမှုကြောင့် ပျက်စီးသွားသည့် လယ်ယာများ၌ စပါးပြန်လည်စိုက်ပျိုးနိုင်ရန် လယ်သမားများအနေဖြင့် အခက်ကြုံတွေ့နေရကြောင်း သိရသည်။

ရေကြီးမှုကြောင့် ပြည်နယ်အတွင်းမှ လယ်ဧကပေါင်း ၁၂,၈၀၀ ခန့် ပျက်စီးမှုများရှိခဲ့ကြောင်း ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ သိရသည်။

ရေနစ်မြုပ်သွားသည့် လယ်ယာမြေများတွင် စပါးပြန်လည်စိုက်ပျိုးရန် ပျိုးပင်များရှားပါးနေသည့်အတွက် အခက်အခဲကြုံနေရကြောင်း မြောက်ဦးမြို့နယ် ဥက္ကံကျေးရွာမှ ဦးပန်လှအောင်က ပြောသည်။

“စပါးက ပြန်ပြီးတော့ကြဲပေမဲ့ ကြဲလိုမရတော့ဘူး၊ စပါးကြဲထားတာ အားလုံးပါသွားတယ်။ ကျနော်တို့မှာဆိုရင် လယ် ဝါးအပြန် ၃၀၀ လောက်ပါသွားတယ်။ အကုန်လုံးပါသွားတာပေါ့။ ပျိုးကလည်း ရှာမရဘူး။ ပျိုးတွေရမယ်ဆိုရင်လည်း မတန်မဆဝယ်ရတယ်။ ဒါပေမဲ့လည်း အခုရေနဲ့ပါသွားတော့ ရှားပါးတယ်။ ဝယ်လို့မရဘူးပေါ့နော်။ နောက်ထပ်ကြဲလိုရှိရင်လည်း မပေါက်ဘူး။ ကျနော်တို့မှာ ဝါးသုံးရာလောက် ဆုံးရှုံးသွားပါတယ်” ဟု ၎င်းကဆိုသည်။

ယခင်က ပျိုးစပါး သီးသန့်ရောင်းချမှုများ ရှိခဲ့သော်လည်း ယခုအခါ ပျိုးထောင်သည့်လယ်သမားများမရှိသည့်အတွက် စပါးကြဲသည့်အဆင့်ကနေ ပြန်လည်လုပ်ဆောင်နေရကြောင်း ကျောက်တော်မြို့နယ် ရွှေပြည်သစ်ကျေးရွာမှ ဦးထွန်းထွန်းမြင့်ကပြောသည်။

“ရေကြီးသွားတာနဲ့ အကုန်ပါသွားတော့ မြေပဲကျန်တယ်။ ပျိုးပင်တွေကလည်း အားလုံးပျောက်သွားတာပေါ့နော်။ အခုက လူတွေမှာက ပျိုးထောင်တာလည်းမရှိဘူးပေါ့။ ဆိုတော့ အခုက ကိုယ်ဟာကိုယ်ပဲ ပြန်လုပ်နေကြရတယ်။ အားလုံးလုပ်နိုင်ပါမလားတော့မသိဘူး” ဟု ၎င်းကဆိုသည်။

အစားထိုးပြန်လည်စိုက်ရန်လည်း ပျိုးစပါးရှာမရသည့် ပြဿနာများကို လယ်သမားများအနေဖြင့် ကြုံနေကြရကြောင်းလည်း သိရသည်။

ယခုနှစ်မိုးရာသီအတွင်း ရေကြီးမှုကြောင့် ရခိုင်ပြည်နယ်မှ တောင်ကုတ်၊ သံတွဲ၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တော၊ မောင်တော၊ ဘူးသီးတောင် စသည့်မြို့နယ် ၁၀ မြို့နယ်မှ ပျက်စီးမှုလယ်ဧကပေါင်း ၁၂၈၀၀ ကျော်ရှိကြောင်း ရခိုင်ပြည်တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

လက်ရှိမှာ တောင်သူများအတွက် ပျိုးပင်သာမက ပျက်စီးသွားသည့် လယ်မြေများအတွက်လည်း စက်ကိရိယာများကို ထောက်ပံ့ပေးရန်လိုအပ်နေကြောင်း တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံကပြောသည်။

“အဓိကတော့ စပါးသီးနှံကရေမြုပ်တဲ့အချိန်မှာ အများကြီး ကြီးထွားနေတဲ့အနေအထားမရှိသေးဘူး။ ဆိုလိုတာက ၆ လက်မလောက်ပဲရှိသေးတဲ့ပျိုးပင်တွေကို ရေနစ်မြုပ်သွားတဲ့အခါမှာ ဆုံးရှုံးမှုကတော့ ပြန်ပြီးတော့အစားထိုးရမယ်။ အဲဒါနဲ့ပတ်သက်လို့ တနည်းအားဖြင့်ဆိုရင် ပျိုးပင်တွေကိုပြန်လည်အကောင်းအထည်ဖော်ပေးရမယ်။ အစားထိုးဖို့အတွက်ပေါ့။ တချို့တာပေါင်ကျိုးသွားတာတွေကို စက်ကိရိယာတွေနဲ့ ထောက်ပံ့ရမယ်။ လက်လုပ်အားနဲ့ဆိုရင်တော့ ဒီရာသီမှာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး၊ ဆုံးရံှုးဖို့က များသွားပြီ။ ပျိုးနဲ့အတူ မြေဆီမြေသြဇာတွေကိုလည်း ထောက်ပံ့ပေးဖို့လိုအပ်မှာပေါ့” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့က ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် သီးနှံစိုက်ခင်းများအား မြို့နယ်ရှိ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များနှင့် ဌာနဆိုင်ရာများမှ ကွင်းဆင်းစစ်ဆေးပြီး ပျက်စီးဆုံးရှုံးမှုများရှိပါကတင်ပြရန် ညွန်ကြားထားကြောင်း သိရသည်။

ပျက်စီးလယ်ယာများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းအားမေးမြန်းရာ လယ်ဧက ၆၀၀ ခန့်သာ ပျက်စီးမှုရှိခဲ့ပြီး ယင်းအတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးသွားမည်ကို ရှင်းလင်းစွာပြောကြားထားခြင်း မရှိသေးပေ။

ရခိုင်ပြည်တွင် စိုက်ပျိုးမြေဧကပေါင်း ၁၂ သိန်းခန့်ရှိပြီး ပြီးခဲ့သည့် သုံးနှစ်ဝန်းကျင်က စစ်ဘေးနှင့်အကြောင်းအမျိုးမျိုးတို့ကြောင့် မစိုက်ပျိုးနိုင်ခဲ့သည့်လယ်မြေများကို ယခုနှစ်တွင် ပြန်လည်စိုက်ပျိုးနိုင်ခဲ့သော်လည်း စစ်ရှောင်စခန်းတွင် နေထိုင်နေရဆဲဖြစ်သည့် တောင်သူများနှင့် စိုက်ပျိုးစရိတ်ကြီးခြင်းတို့ကြောင့် လယ်ဧက ၈၅၀,၀၀၀ ခန့်ကိုသာ စိုက်ပျိုးနိုင်ကြောင်း သိရသည်။

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...