ဦးကျော်မိုးထွန်းကိစ္စ မြန်မာနှင့်မသက်ဆိုင်ဘဲ အမေရိကန်၏ ပြည်တွင်းရေးသာဖြစ်ဟု စစ်ကောင်စီထုတ်ပြန်

ဦးကျော်မိုးထွန်းကိစ္စ မြန်မာနှင့်မသက်ဆိုင်ဘဲ အမေရိကန်၏ ပြည်တွင်းရေးသာဖြစ်ဟု စစ်ကောင်စီထုတ်ပြန်

မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ဆန့်ကျင်သူဖြစ်သည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ကြံစည်မှုကိစ္စသည် မြန်မာနိုင်ငံနှင့် မည်သို့မျှ မသက်ဆိုင်ဘဲ အမေရိကန်၏ ပြည်တွင်းရေး အမှုကိစ္စတစ်ခုသာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၉ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

ယင်းသည် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ကြံစည်မှုတွင် ပါဝင်ပတ်သက်နေသည့် မြန်မာနိုင်ငံသားနှစ်ဦး အမေရိကန်တွင် ဖမ်းဆီးခံရပြီးနောက်ပိုင်း မြန်မာအာဏာသိမ်းစစ်အုပ်စု၏ ပထမဆုံး ထုတ်ပြန်ချက်လည်းဖြစ်သည်။

ထို့ပြင် မြန်မာအာဏာသိမ်းစစ်အုပ်စုသည် ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးဒ်၏ ရှုတ်ချဝေဖန်ပြောဆိုချက်များကိုလည်း ပယ်ချသွားခဲ့သည်။

“ဒီကိစ္စက အမေရိကန်ရဲ့ ပြည်တွင်းရေး အမှုကိစ္စတစ်ခုသာဖြစ်ပါတယ်၊ စီရင်ဆုံးဖြတ်မှုကို အမေရိကန်နိုင်ငံထဲမှာ အမေရိကန်ဥပဒေအရ လုပ်သွားရပါလိမ့်မယ်၊ ဒါက မြန်မာနိုင်ငံနဲ့ ဘာမှ မသက်ဆိုင်ပါဘူး” ဟု စစ်အုပ်စုထိန်းချုပ်သည့် MRTV ရုပ်သံက ဖတ်ကြားသွားသည့် ထုတ်ပြန်ချက်တွင် ပြောထားသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ရန်ပြုရန် ကြံစည်မှုဖြင့် နယူးယော့ခ်ပြည်နယ်တွင် မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထားကြောင်းနှင့် အဆိုပါ ဖမ်းဆီးခံထားရသူနှစ်ဦးသည် သံအမတ်ကြီးကို လုပ်ကြံရန် သို့မဟုတ် ထိခိုက်နာကျင်စေရန် ထိုင်းမှ လက်နက်ပွဲစားတစ်ဦးနှင့် ပူးပေါင်းကြံစည်ခဲ့ကြောင်း၊ ထိုလက်နက်ပွဲစားမှာ မြန်မာစစ်တပ်ထံ လက်နက်များ ရောင်းချပေးနေသူဖြစ်သည်ဟု အမေရိကန်အာဏာပိုင်များက သြဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

ထိုကဲ့သို့ သံအမတ်ကြီးအား ရန်ပြုရန် ကြံစည်မှုသည် အာဏာရှင်ခေါင်းဆောင်များနှင့် ၎င်းတို့ကို ထောက်ခံသူများက ကမ္ဘာတဝန်းရှိ အတိုက်အခံများကို လိုက်လံနှိပ်ကွပ်ရန် ကြိုးပမ်းသည့် “စိုးရိမ်စရာပုံစံ” တစ်ခုနှင့် ကိုက်ညီနေသည်ဟု ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ်ဂရင်းဖီးဒ်က သြဂုတ် ၇ ရက်တွင် ပြောခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် ဦးကျော်မိုးထွန်းနှင့် တစ်သားတည်းရပ်တည်ကြောင်း ပြောခဲ့သလို ၎င်း၏ “မှတ်သားဖွယ် ရဲရင့်မှု” နှင့်ပတ်သက်ပြီးလည်း သူမက ချီးကျူးသွားခဲ့သည်။

“ကုလဆိုင်ရာ အမေရိကန် အမြဲတမ်းကိုယ်စားလှယ် သောမတ်စ်ဂရင်းဖီးဒ်ရဲ့ ထုတ်ပြန်ချက်ကို မိမိတို့ အပြင်းအထန် ကန့်ကွက်ပါတယ်” ဟု စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ထို့ပြင် ဦးကျော်မိုးထွန်းကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးရာထူးမှ ထုတ်ပယ်ထားပြီးဖြစ်ကြောင်းနှင့် ၎င်းသည် လက်ရှိအချိန်တွင် နိုင်ငံသစ္စာဖောက်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရကြောင်းနှင့် အကြောင်းမှာ ၎င်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံပြောဆိုထား၍ဖြစ်ကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့သည်။

အာဏာသိမ်းစစ်အုပ်စု၏ ကန့်ကွက်မှုများ ရှိနေခဲ့သော်ငြား ဦးကျော်မိုးထွန်းသည် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေပြီး ၎င်းသည် ဖေဖေါ်ဝါရီလ စစ်တပ်ကအာဏာသိမ်းပြီး ဖြုတ်ချခဲ့သော ရွေးကောက်ခံ အရပ်သားအစိုးရကို ကိုယ်စားပြုထားလျက်ရှိသည်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...