ကရင်နီပြည်နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်များ ပိုမိုလှုပ်ရှားမှု များပြားလာတဲ့အတွက် စစ်ရေးများ ပိုမိုတင်းမာလာနိုင်တာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြားလိုအပ်တဲ့ အခြေခံအသုံးအဆောင်ပစ္စည်းများကို ကြိုတင်စုဆောင်းထားဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က သတိပေးလိုက်ပါတယ်။
“ပြည်သူလူထုတွေ ကြိုတင်ပြင်ဆင်လို့ ရအောင်ပေါ့လေ။ အဓိကအကြောင်းရင်းက ကျနော်တို့ ကယား (ကရင်နီ) ပြည်နယ်မှာ စကစ က စစ်ရေးလှုပ်ရှားမှုတွေ အရှိန်အဟုန်မြင့်စွာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်။ နောက်ပြီးတော့ တပ်အပြောင်းအလဲတွေလည်း ရှိနေတယ်ပေ့ါ။ တပ်လှုပ်ရှားမှု အရှိန်အဟုတ် လုပ်ဆောင်နေတဲ့အပေါ်မှာက ပြည်နယ်အတွင်းမှာရှိတဲ့ ကရင်နီတပ်မတော်နဲ့သော်လည်းကောင်း၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်နဲ့သော်လည်းကောင်း အချိန်မရွေး၊ နေရာမရွေးပေါ့လေ။ တိုက်ပွဲတွေ ဖြစ်ပွားနိုင်တယ်။ အကယ်၍ တိုက်ပွဲဖြစ်ပြီဆိုရင်တော့ ပြည်သူဖက်က တဖက်မှာလည်း ကိုဗစ်အကြပ်အတည်းဖြစ်နေသလို တဖက်မှာ စစ်ဖြစ်လာပြီဆိုရင်တော့ ဒီအတောအတွင်းမှာ ကြိုတင်ပြင်ဆင်လို့ရအောင်ဆိုပြီး ကျနော်တို့ အသိပေးရခြင်းဖြစ်တယ်ပေါ့လေ” လို့ KNDF ရဲ့ သတင်းနဲ့ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လူသားတစ်ဦးအတွက် အခြေခံလိုအပ်မဲ့ ဆေးဝါးကို အဓိက ပြင်ဆင်ရမှာဖြစ်ပြီး ဒုတိယတချက်အနေနဲ့ မိုးရာသီမှာ မိုးလုံအောင်နေနိုင်ဖို့အတွက် အိမ်ထောင်စုတစ်စုကို အနည်းဆုံး မိုးကာသုံးချပ် ဝယ်ယူထားသင့်တယ်လို့ ဆိုပါတယ်။
တောထဲမှာ နေထိုင်ရတဲ့အခါ သောက်သုံးရေတွေကို မိုးကာနဲ့သာခံပြီး စုဆောင်းထားရတဲ့အတွက် မိုးကာကို လုံလောက်စွာ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ထပ်မံ အသိပေးထားပါတယ်။
ဒါ့အပြင် ဆန်တွေကိုလည်း ကျေးရွာတိုင်းက အဆင်သင့်ပြင်ဆင်ထားဖို့ လိုအပ်သလို အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ၊ ကလေးငယ်တွေအတွက် လိုအပ်တဲ့ အသုံးအဆောင်များ၊ ရိက္ခာခြောက် (အလွယ်တကူသယ်လို့ရမယ့် ပစ္စည်း)၊ ကြာရှည်ခံနိုင်မဲ့ပစ္စည်း စတာတွေကို အဆင်သင့် ပြင်ဆင်ထားဖို့လည်း အသိပေးထားပါတယ်။
လက်ရှိမှာတော့ ကရင်နီပြည်နယ်တွင်း လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေး၊ ဘောလခဲမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီ တပ်များနဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။
ယမန်နေ့ ဩဂုတ်လ ၈ ရက်နေ့မှာ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်များနဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ဆယ်ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။







