ရခိုင်က မြို့နယ်အချို့တွင် စစ်တပ်၊ ရဲ၊ လဝက ပူးပေါင်းအဖွဲ့မှ စစ်ဆေးမှုများရှိနေ

ရခိုင်က မြို့နယ်အချို့တွင် စစ်တပ်၊ ရဲ၊ လဝက ပူးပေါင်းအဖွဲ့မှ စစ်ဆေးမှုများရှိနေ

ရခိုင်ပြည်အတွင်းက မြို့နယ်တချို့တွင် နေ့လည်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် စစ်တပ်၊ ရဲနှင့် လဝက စသည့်အဖွဲ့များ ပူးပေါင်းပြီး လမ်းသွားလမ်းလာ၊ ကား၊ ဆိုင်ကယ်များကို ရပ်တန့်စစ်ဆေးခြင်းများ ရှိနေသည့်အတွက် ဒေသခံများ စိုးရိမ်မှုမြင့်တက်နေကြသည်။

ရခိုင်ပြည်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင် သြဂုတ်လ ၆ ရက် ညနေပိုင်းမှစတင်ပြီး မင်းဂံ၊ မီးစက်ကြီးအဝိုင်းအနီးနှင့် အဝေးပြေးကားဂိတ်ဟောင်းအနီး စသည့်နေရာများတွင် စစ်တပ်နှင့်ရဲမှ ပူးပေါင်းကာ ဆိုင်ကယ်၊ ကားနှင့် လမ်းသွားလမ်းလာများအား ဆိုင်ကယ်ဘောက်များကိုဖွင့်ပြီး စစ်ဆေးမေးမြန်းခြင်းများ ရှိခဲ့သည်ဟု ဒေသခံများက ပြောဆိုကြသည်။

မင်းဂံရပ်ကွက်တွင်နေထိုင်သည့် ဒေသခံတစ်ဦးက “ကျမတို့ အိမ်အနီးအနားမှာ စစ်ဆေးမှုတွေရှိခဲ့တာပါ။ တချို့ဆိုရင် ဆိုင်ကယ်ဘောက်တွေကို ဖွင့်စစ်ဆေးတယ်။ တချို့ဆိုရင် အဲဒီနေရာမှာ ထိုင်ခိုင်ထားတာတွေလည်းရှိတယ်။ သူတို့က ဘာကို စစ်ဆေးတယ်ဆိုတာတော့ ကျမတို့လည်း မသိရဘူး။ ကျမတို့အိမ်အနားမှာ အရင်တုန်းက ဒီလိုစစ်တာမရှိဘူး။ မနေ့ညက စပြီးစစ်တာပါ။ စစ်တပ်ကား ၂ စီးပါတယ်။ ကျမတို့လည်း ကြောက်လန့်ပြီး အိမ်ထဲမှာ အသံတောင်မထွက်ရဲကြဘူး” ဟု ဆိုသည်။

စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှာ အဝေးပြေးကားဂိတ်အနီးတွင် နေ့စဉ် လုံခြုံရေးစောင့်ကြည့်မှုများ ရှိသော်လည်း စစ်ဆေးမှုများ မရှိခဲ့ဘဲ ညနေ ၆ နာရီဝန်းကျင်ခန့်တွင် ပြန်လှည့်သွားခဲ့ကြသည်။

သို့သော်လည်း မနေ့ညက ည ၉ နာရီကျော်အထိ ရှိခဲ့သည်ဟု စစ်တွေအဝေးပြေးကား ဂိတ်ဟောင်းအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

“ကားဂိတ်နားမှာတော့ ညတိုင်းရှိတယ်။ ဒါပေမဲ့ စောစောပြန်သွားကြတယ်။ မနေ့ညက ၉ နာရီကျော်လောက်ထိရှိတယ်။ စစ်တပ်ကား ၃ စီးလောက်ရှိတယ်။ ဆိုက်ကယ်ဘောက်တွေကိုဖွင့်ပြီး စစ်ဆေးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်“ ဟု ဆိုသည်။

ထိုနည်းတူ ကျောက်ဖြူမြို့တွင်လည်း စစ်တပ်၊ ရဲ၊ လဝက စသည့်အဖွဲ့များ ပူးပေါင်းကာ ဆိုင်ကယ်၊ ကား မောင်းနှင်လာသူများကို နှာခေါင်းစည်းများ တပ်၊ မတပ် စစ်ဆေးခြင်း၊ ဆိုင်ကယ်ဘောက်များကို ဖွင့်လှစ်စစ်ဆေးခြင်းနှင့် တချို့ကို ဖုန်းများဖွင့်လှစ်စစ်ဆေးမှုများလည်း ရှိသည့်အတွက် ဒေသခံများမှာ စိုးရိမ်မှု မြင့်တက်နေသည်ဟု အမည်မဖော်လိုသည့် မြို့ဒေသခံတစ်ဦးက ဆိုသည်။

“မနက်ပိုင်း စောစောကနေ စစ်တာပါ။ မြို့ကိုပတ်ပြီးတော့ တစ်နေရာပြီးရင် နောက်တစ်နေရာ အဲဒီလိုမျိုးပါ။ နှာခေါင်းစည်းစစ်တယ်။ ဆိုင်ကယ်ဘောက်တွေကို ဖွင့်ပြီးစစ်တယ်။ တချို့ဆိုရင် ဖုန်းတွေကိုပါ စစ်ဆေးတယ်။ ဒီကိုဗစ်ကာလ စစ်ဆေးတယ်ဆိုရင် နှာခေါင်းစည်းတစ်ခုတည်း စစ်ဆေးပေါ့နော်။ ဒါပေမဲ့ ဆိုင်ကယ်ဘောက်တွေကိုပါ စစ်ဆေးတယ်ဆိုတော့ ဒေသခံတွေကလည်း ပိုပြီးစိုးရိမ်ထိပ်လန့်ကြတာပေါ့“ ဟု ဆိုသည်။

ကျောက်ဖြူမြို့တွင် ယင်းကဲ့သို့ စစ်ဆေးမှုများပြုလုပ်နေသည်မှာ ၄ ရက်ခန့်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

ကိုဗစ်ကာလတွင် ထိုသို့စစ်ဆေးနေသည့်အပေါ်ဒေသခံ ပြည်သူများအနေဖြင့်လည်း မေးခွန်းမျိုးစုံထုတ်ကာ သိချင်စိတ်မြင့်တက်နေကြသည်။

ယင်းပြင် မြောက်ဦး၊ ဘူးသီးတောင်မြို့များတွင် စစ်တပ်၊ ရဲ၊ ကျန်းမာရေးဌာနဆိုင်ရာများ ပူးပေါင်းကာ မြို့ပတ်လှည့်လည်ပြီး နှာခေါင်းစည်းများ ဖြန့်ဝေခြင်း၊ ကိုဗစ်စည်းကမ်းချက်နှင့်အညီ မိမိနေအိမ်တွင် နေထိုငရ မည့်အကြောင်းကို နှိုးဆော်ကြသည်ဟုလည်း သိရသည်။

ယင်းကဲ့သို့ စစ်တပ်၊ ရဲ၊ လဝက စသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများက စစ်ဆေးနေခြင်းနှင့်ပတ်သတ်ပြီး အကြောင်းစုံသိရှိရန် ရခိုင်ပြည် နယ်လုံဝန်ကြီး၊ ရခိုင်ပြည်နယ် စစ်ကောင်စီမှ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းနှင့် စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးတို့ကို ဆက်သွယ်ခဲ့သော် လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲပေ။

 
 

 

 

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...