ကိုဗစ်ကာကွယ်ဆေးထိုးနှံရာတွင် ဒေသအာဏာပိုင်အချို့ ပွင့်လင်းမြင်သာမှုမရှိဟုဆို

ကိုဗစ်ကာကွယ်ဆေးထိုးနှံရာတွင် ဒေသအာဏာပိုင်အချို့ ပွင့်လင်းမြင်သာမှုမရှိဟုဆို
ရေးမြို့ထွေအုပ်ရုံး ၁-၈-၂၀၂၁ ကာကွယ်ဆေးထိုးမှုမြင်ကွင်း (MNA)
ရေးမြို့ထွေအုပ်ရုံး ၁-၈-၂၀၂၁ ကာကွယ်ဆေးထိုးမှုမြင်ကွင်း (MNA)

မွန်ပြည်နယ်အတွင်း လက်ရှိကိုဗစ်ကာကွယ်ဆေးထိုးနှံသည့် အစီအစဉ်သည် လူထုများအား သက်ဆိုင်ရာ ဒေသအာဏာပိုင်အချို့က အသိပေးနှိုးဆော်ထားခြင်းမရှိသဖြင့် ပွင့်လင်မြင်သာမှုမရှိကြောင်း ဝေဖန်ပြောကြားလျက်ရှိကြသည်။

ကာကွယ်ဆေးထိုးနှံလိုသူ သာမန်ရွာသားများအနေဖြင့် မည်သို့ဆက်သွယ်ဆောင်ရွက်ရမည်ကို မသိရကြောင်း၊ သက်ဆိုင်ရာ ရပ်ကျေးအာဏာပိုင်များနှင့် သိကျွမ်းနေသူများသာ ကာကွယ်ဆေးထိုးနှံနေကြရသည်မှာ မဖြစ်သင့်ကြောင်း ရေးမြို့သို့ ကာကွယ်ဆေးသွားရောက်ထိုးနှံခဲ့သူ ရွာသားတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“အသက် ၆၅ နဲ့အထက် ဦးစားပေးထိုးပေးတာမှန်တယ်၊ ဟိုရောက်တာနဲ့ ထိုးပေးတာပဲ၊ ဒါပေမယ့် ရွာက အသက်ကြီးပိုင်းတွေ တော်တော်များများ ကာကွယ်ဆေးထိုးပေးနေကြတာကို မသိကြပါဘူး၊ အသံချဲ့စက်နှိုးဆော်ပေးတာ မရှိဘူး၊ စာလိုက်ကပ်တာ စာရင်းကောက်တာမရှိဘူး၊ သူတို့နဲ့ နီးစပ်တဲ့ဆွေမျိုးတွေကပဲ မြို့တက်သွားထိုးကြတယ်၊ ဒါက မဖြစ်သင့်ဘူး” ဟု အဆိုပါရွာသားက ဆိုသည်။

မွန်ပြည်နယ် ကာကွယ်ဆေးထိုးရန် အစီအစဉ်တွင် ရွေး/ကော်မှတဆင့်ပြုစုထားပြီးဖြစ်သော အသက် ၆၅ နှစ်အထက်ရှိ ဘိုးဘွားများကို ဦးစားပေးပြီး ဘိုးဘွားရိပ်သာများ၊ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဘာသာရေးကျောင်းများ၊ အစိုးရနှင့် ပုဂ္ဂလိကဝန်ထမ်းများအားလုံး၊ အကျဉ်းသား၊ အချုပ်သားများ၊ ပရဟိတဆောင်ရွက်သူနှင့် ဈေးဆိုင်သမားများကိုလည်း ရေးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး နေ့စဥ်ထိုးနှံပေးနေသည်ဟု သိရသည်။

ထို့အတူ ကာကွယ်ဆေးသွားရောက်ထိုးနှံခဲ့သူ လမိုင်းမြို့ခံတစ်ဦးက “ကျနော့်ဖာသာစုံစမ်းပြီး ရေးကိုသွားခဲ့တယ်၊ ပရဟိတသမားနေရာမှာ စာရင်းသွင်းပြီး ထိုးခဲ့တယ်၊ ဆေးသွားထိုးတဲ့နေရာမှာ မွန်ပါတီတို့ ပြည်ခိုင်ဖြိုးပါတီကလူတွေ တွေ့ခဲ့တယ်၊ NLD က တစ်ယောက်မှမမြင်ခဲ့ဘူး” ဟု ဆိုသည်။

ယခုအကြိမ် ကာကွယ်ဆေးထိုးနှံရာတွင် ရေးမြို့နယ်အတွက် တရုပ်နိုင်ငံကထုတ်လုပ်သည့် Sinopharm ကာကွယ်ဆေးအလုံး ၉၀၀၀ ရရှိထားကြောင်း၊ ရေးမြို့ပေါ်ရှိ တပလ္လင်နှစ်ဆူဘုရား ဓမ္မာရုံ၊ အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၊ မြို့မရဲစခန်းဝင်း၊ အဏ္ဏဝါ (အထက ခွဲ) နှင့် အစင်ကျေးရွာ ရတနာ့ဗိမာန်ကျောင်းတို့တွင် ဇူလိုင်လ ၂၉ ရက်နေ့မှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း ယနေ့အထိ လူ ၄၀၇၆ ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ရေးမြို့ခံ ဦးအောင်နိုင်ဝင်းထံမှ သတင်းရရှိသည်။

အလားတူ မွန်ပြည်နယ်တဝန်း ကျန်မြို့နယ် ၉ ခုတို့တွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း၊ ပြည်နယ်တစ်ခုလုံးအတိုင်းအတာအရ ယခုအပတ်တွင် ကာကွယ်ဆေးအလုံး ၉၅၀၀၀ ခွဲတမ်းရရှိထားကြောင်း သိရသည်။

August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှ ကျောင်းသားလူငယ် လေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (...
August 28, 2026
အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် ၅ နှစ်ကျော်အကြာတွင် အရပ်သားအသွင် ပြောင်းလဲ...
August 28, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၀ ကျော်...
ဓာတ်ပုံ - Crd
August 27, 2026
စစ်အုပ်စုတပ်သည် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာကို အဓိက ပစ်မှတ်ထား စောင့်ကြည့်ပြီး လွတ်...