ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ ကျန်းမာရေးအတွက် ဆေးဝါးလိုအပ်နေတယ်လို့ ကရင်နီကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
၎င်းက ”အားနည်းချက်တော့ရှိတယ် ဆေးဝါးတွေပေါ့နော်။ သားဖွားတို့ မိခင်တို့လိုမျိုး နာတာရှည်ရောဂါသည်လိုမျိုး ပန်းနာရင်ကျပ်တို့ တီဘီတို့ ကင်ဆာတို့ အရမ်းအခက်အခဲဖြစ်တယ်။ ရေရှည် နာတာရှည်ကုဖို့ဆေးဝါးတွေ အခက်အခဲရှိတယ်။ နောက်ပြီးတော့မှ နောက်ပြီး အလှူရှင်လည်း မပေါ်လာသေးဘူးဆိုတော့ ကျနော်တို့ ဟို ဆယ့်ငါးရက်စာ ရက်နှစ်ဆယ်စာတို့ပဲ ပေးနိုင်တာပေါ့နော်။ အလှူရှင်ကလည်း ပြည့်ပြည့်ဝဝ မထောက်ပံ့ပေးနိုင်ဘူးပေါ့။ ဆေးဝါးတွေ အများကြီးလိုအပ်တယ်။ အားနည်းလျက်တွေ ပများကြီးလိုအပ်တာပေါ့လေ။ နောက်ပြီး ဥပမာ လူနာတွေလွှဲပြောင်းဖို့ ကိစ္စတွေကလည်း ထိုင်းက လုံးဝလက်မခံတော့ ကျနော်တို့ လွှဲပြောင်းရတာ ခက်ခဲတယ်ပေါ့နော်” လို့ ပြောပါတယ်။
လက်ရှိ ငါးနှစ်အောက်ကလေးငယ်တွေမှာ နှစေးချောင်းဆိုး အအေးပတ်ပြီး ကိုယ်တွေလည်း မကြာခဏပူလို့ ဆေးတွေတိုက်နေရတယ်လို့ ကလေးမိခင် ဒေါ်ပိုးမယ်ကပြောပါတယ်။
“အရင်က ကလေးချောင်းဆိုးပျောက်ဆေးသွားတောင်ဖူးတယ် မရှိဘူးလိူ့ပြောတယ်လေး။ အခုတော့ ထပ်ပြီးချောင်းဆိုးတဲ့အခါ သွားပြန်တောင်းတော့ ဆေးရပြီ အခုက ကုန်တောင်ကုန်တော့မယ်“
အဲ့ဒီအခြေခံဆေးဝါးတွေနဲ့ ရာသီဥတုကြောင့်ဖြစ်တဲ့ လည်ချောင်းနာ၊ ချောင်းဆိုး စတဲ့ရောဂါတွေကို အဓိက ဆေးပေးကုသပေးနေပေမယ့်လည်း ဆေးဝါးတွေ မလုံလောက်ဘူးလို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ကအတွင်းရေးမှူး (၂) မော်ပရေးမြာ ကပြောပါတယ်။
”ဒီမှာက ဆေးဝါးမလုံလောက်ဘူးပေါ့နော်။ ဆေးတွေက ကလေးတွေဖျားပြီဆိုရင် ဒီချောင်းဆိုး နှာချည်ဆေးတောင်မှ မရှိဘူးပါ့နော်။ မရှိတ့ဲဟာမျိုးသူတို့ပေးလိုက်ပြီဆိုရင်နောက်တယောက်ထပ်လာမယ်ဆိုရင် အဆင်မပြေတော့ဘူးပေါ့။ လူနာတွေကလည်း ကျန်းမာဖို့ အရမ်းအရေးကြီးနေတော့ အခုလည်း ကိုဗစ်ထပ်ဖြစ်လာတယ် ကြားတော့ ပိုပြီးတော့ စိတ်ပူတာပေါ့“
လက်ရှိမှာတော့ ကိုဗစ်ကာလကြောင့် လိုအပ်တဲ့ဆေးဝါးတွေကို ဝယ်ယူသယ်ဆောင်ဖို့အတွက် အခက်အခဲဖြစ်နေပြီး အခြေခံဆေးဝါးတွေကိုသာ သယ်ဆောင်နေရပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဆေးဝါးတွေ အစုံအလင်မရှိသလို ရောဂါကိုဓာတ်ခွဲဖို့ ဓာတ်ခွဲခန်းမရှိတဲ့အတွက် ရောဂါကိုခန့်မှန်းပြီးကုသနေရတယ်လို့ ဆိုပါတယ်။
၅ နှစ်အောက်ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံဖို့လည်း ဆေးဝါးမရှိသလို သူတို့အတွက် ဆေးရည်တွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
ရောဂါတွေအတွက် ဆေးဝါးမရှိပဲ အခြားဆေးခန်းကို လွဲပြောင်းရတာတွေလည်းရှိပါတယ်။
စစ်ရှောင်စခန်းမှာ ကိုယ်ဝန်ဆောင်မိခင် ၁၀ ဦးရှိပါတယ်။ ငါးနှစ်အောက်ကလေးတွေက ၇၀ ကျော်ရှိပါတယ်။
ယခုဆိုရင် ၎င်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ထိန်းချုပ်နယ်မြေထဲ စစ်ဘေးဒုကသည် တစ်ထောင်ကျော်အထိ ရှိလာပါတယ်။







