ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသည့် လူမှုအဖွဲ့အစည်းများတွင် သေဆုံးလူနာများနှင့် ပို့တွေ့လူနာများအား ကူညီလုပ်ဆောင်ပေးရာ၌ အသုံးပြုရသည့် PPE ဝတ်စုံအပါအဝင် အခြား ကိုဗစ်ကာကွယ်ရေးပစ္စည်းများ အရေးပေါ်လိုအပ်လျှက်ရှိကြောင်း ရမ်းဗြဲမြို့နယ် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။
ယခုအခါ ဆေးရုံအတွင်း ကိုဗစ်အတည်ပြုလူနာများထဲမှ သေဆုံးသူများရှိလာသည့်အတွက် PPE သုံးစွဲမှုမှာ တစ်နေ့ကို ၈ ထည်အထိ ကုန်ကျမှုရှိနေပြီး လက်ရှိ PPE နှင့် ဆက်စပ်ပစ္စည်းများမှာ အစုံ ၃၀ သာ ကျန်ရှိတော့သည့်အတွက် အရေးပေါ်လိုအပ်နေသည်ဟု ရမ်းဗြဲမြို့ ကိုဗစ်ကာကွယ်ရေး အရပ်ဖက်စုပေါင်းပရဟိတအဖွဲ့မှ တာဝန်ရှိသူ ကိုမျိုးမင်းထွန်းက ပြောဆိုသည်။
"အခုက PPE တွေကို ရန်ကုန်ကမှာယူရတယ်။ ဒီမှာ ရောင်းဖို့မရှိဘူး။ အခုလက်ထဲမှာ အစုံ ၃၀ ရှိတယ်။ တစ်နေ့ကို ၈ စုံ သုံးနေရတယ်။ အပြင်ကသေတဲ့သူတွေကိုလဲ သဂြိုဟ်ပေးရတော့ အခုက ဘယ်ကိုဘဲသွားသွား PPE ဝတ်နေရတယ်။ လက်အိတ်၊ Mask၊ လက်သန့်ဆေး၊ ပိုးသတ်ဆေးတွေ အကုန်လိုအပ်နေတယ်။ အလှူရှင်တွေ လှူပေးဖို့လိုနေတယ်" ဟု ပြောသည်။
လက်ရှိ ရမ်းဗြဲမြို့နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၇၇ ဦးရှိပြီး ယင်းအထဲမှ သေဆုံးသူ ၄ ဦးထိရှိလာနေကာ ဆေးရုံအတွင်း ဆေးကုသမှုခံနေရသူ ၂၆ ဦးရှိကြောင်း လူမှုအဖွဲ့အစည်းမှ သိရသည်။
ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ သြဂုတ် ၁ ရက်နေ့ထိ စာရင်းအရ ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၂၈၈၇ ဦးရှိလာနေပြီး သေဆုံးသူ ၂၁၄ ဦးအထိရှိလာနေကြောင်း သိရသည်။







