ကိုဗစ်ကာလအတွင်း စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ အလုပ်သမားများ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေရ

ကိုဗစ်ကာလအတွင်း စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ အလုပ်သမားများ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းကို ပိတ်ထားသည့်အတွက် စခန်းမှအလုပ်သမားများနှင့် မိသားစုများမှာ စားဝတ်နေရေးအခက်ခဲများနှင့် ရင်ဆိုင်နေရသည်ဟု ၎င်းအလုပ်သမားများထံမှ သိရသည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းကို Covid-19 ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရန်အတွက် ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြည်နယ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် ပိတ်ထားခဲ့ခြင်းဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေးကိုမှီခိုပြီး အသက်မွေးဝမ်းကျောင်းပြုနေကြသည့် အလုပ်သမားများနှင့် မိသားစုဝင်များမှာ အလုပ်မကိုင်မရှိဘဲ နှစ်ပတ်ခန့် ကြာမြင့်လာပြီဖြစ်သဖြင့် စားဝတ်နေရေးအခက်အခဲများရှိနေကြောင်း ချောင်းနွယ်မင်းဂံကျေးရွာမှ အလုပ်သမားခေါင်းဆောင် ကိုမောင်အေးသန်းက DMG ကို ပြောသည်။

“စားဝတ်နေရေးကတော့ အခက်အခဲရှိတာပေါ့။ အခုက ကိုရိုနာဗိုင်းရပ်နဲ့ဆိုတော့ အလုပ်လည်းမလုပ်ရဘူး။ အရင်ကိုရိုနာဗိုင်းရပ် မဖြစ်ပွားခင်တုန်းကဆိုရင် တစ်နေ့ကို အဲဒီစခန်းမှာလုပ်ရင် ၅၀၀၀၊ ၇၀၀၀ လောက်ရတယ်။ ရွာမှာဆိုတော့လည်း အလုပ်ကိုင်တွေက တစ်ခုမှမရှိဘူး။ ကိုရိုနာဗိုင်းရပ်ကြောင့် ဘယ်ကိုသွားပြီးတော့ လုပ်ရမလဲလည်း မသိတော့ဘူး” ဟု ကိုမောင်အေးသန်းက ပြောသည်။

လက်ရှိတွင် အလုပ်အကိုင်မရှိသည့်အပြင် ကုန်ပစ္စည်းများမှာလည်း ဈေးတတ်မှုများရှိသဖြင့် ပို၍အခက်အခဲဖြစ်ရကြောင်း ပြောသည်။

ချောင်းနွယ်မင်းဂံကျေးရွာမှ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းကိုမှီခိုပြီး အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမား ၁၀၀ ဦးခန့်ရှိပြီး လက်ရှိမှာ စားဝတ်နေရေးအတွက် ကိုယ်နည်းကိုဟန်နှင့် ရုန်းကန်ဖြေရှင်းနေရကြောင်း သိရသည်။

“အလုပ်သမားတွေရဲ့အခြေအနေတွေက နယ်စပ်ကုန်သွယ်ရေးစခန်းမှာ အလုပ်မရှိတော့ရင် နေအိမ်ထဲမှာပဲနေကြတယ်။ ကိုရိုနာဗိုင်းရပ်ဆိုတော့ မြို့ထဲကိုမသွားရဘူး။ သူ့ဟာနဲ့သူ ရှာဖွေပြီး စားသောက်နေရတယ်” ဟု ကိုမောင်အေးသန်းက ဆိုသည်။

စစ်တွေမြို့ နယ်စပ်ကုန်သွယ်ရေးစခန်းတွင် အလုပ်သမားစုစုပေါင်း ၅၀၀ ကျော်ရှိပြီး ယင်းအထဲတွင် ကုန်တင်ကုန်ချအလုပ်ကိုမှီခိုကာ လုပ်ကိုင်စားသောက်နေကြသည့် အလုပ်သမား ၃၀၀ ကျော်ရှိကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းကိုမှီခိုပြီး နှစ်ပေါင်း ၁၀ ကျော်ကြာ ကုန်တင်ကုန်ချ လုပ်ကိုင်စားသောက်နေသည့် ချောင်းနွယ်မင်းဂံကျေးရွာအုပ်စု သုံးဆောင်ရွာကျေးရွာမှ ဒေါ်မသန်းလှကလည်း လက်ရှိ အလုပ်အကိုင်မရှိသည့်အတွက် မိသားစုစားဝတ်နေရေး အခက်အခဲများရှိနေကြောင်း ပြောသည်။

“မိသားစု ခြောက်ယောက်ရှိပါတယ်။ အစားအသောက်တွေက တကယ်ကို ကျပ်တည်းနေပါတယ်။ အလုပ်လည်းမလုပ်ရဘူးဆိုတော့ ငတ်နေတယ်လို့ပြောလို့ရတယ်။ နောက်ပြီး ကလေးတွေက ဖျားကြတယ်၊ နာကြတယ်။ ဆေးဖို့ကလည်း အခက်အခဲတစ်ခုဖြစ်နေတယ်” ဟု ဆိုသည်။

ရေရှည်တွင် အလုပ်အကိုင်မရှိဘဲ ဆက်၍နေရမည်ဆိုပါက စားသောက်ရေးအတွက် ပိုမိုဒုက္ခကြုံရနိုင်ကြောင်း ဒေါ်မသန်းလှက ဆက်ပြောသည်။

“ရေရှည်မှာ ဘာလုပ်ပြီး စားသောက်ရမလဲမသိဘူး။ ကိုဗစ်သာ ရှေ့ဆက်ပြီး ဖြစ်ပွားနေမယ်ဆိုရင် ကျမတို့ ငတ်ပြတ်ပြီး ဒုက္ခရောက်သွားမည့်အပိုင်း ရှိပါတယ်” ဟု ပြောသည်။

အလားတူ မောင်တောင်မြို့ရှိ နယ်စပ်ကုန်သွယ်ရေးကိုလည်း ပြည်နယ်ကောင်စီ၏ညွှန်ကြားချက်ဖြင့် ဇူလိုင် ၁၅ ရက်မှ ၃၁ ရက်နေ့အထိ ယာယီရပ်နားထားပြီး အဆိုပါစခန်းမှ အလုပ်သမားများနှင့် မိသားစု ၉၀၀ နီးပါးမှာလည်း စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နှင့် မောင်တောကုန်သွယ်ရေးစခန်းကို ကုန်ပစ္စည်းများပို့ဆောင်/သွင်းယူနေသည့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဓညဝတီငွေတင်းပြည့်ကုမ္ပဏီ၊ မာစီးတီးကုမ္ပဏီနှင့် တီသုံးလုံးကုမ္ပဏီတို့မှာလည်း လကုန်ပိုင်းလောက်ထိသာ ရပ်နားလိုက်ခြင်းဖြစ်သည့်အတွက် ကုန်ပစ္စည်းများဆုံးရှံးမှု မရှိသေးကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ပြောသည်။

ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဇူလိုင် ၂၈ ရက်နေ့အထိ စာရင်းအရ ရခိုင်တွင် Covid-19 ပိုးတွေ့လူနာ ၂၅၁၃ ဦးရှိပြီး ယင်းအထဲမှ သေဆုံးသူ ၁၄၆ ဦးအထိရှိကြောင်း သိရသည်။

 
 

 

 

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...