ရွေးကောက်ပွဲရလဒ်အား ဖျက်သိမ်းလိုက်ခြင်းသည် နိုင်ငံရေးအကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ANP ထုတ်ပြန်

ရွေးကောက်ပွဲရလဒ်အား ဖျက်သိမ်းလိုက်ခြင်းသည် နိုင်ငံရေးအကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ANP ထုတ်ပြန်

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အား ဖျက်သိမ်းလိုက်ခြင်းသည် နိုင်ငံရေးအကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုမှ ယမန်နေ့ ဇူလိုင် ၂၇ ရက်နေ့တွင် သဘောထားထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသည် ၂၀၂၀ ရွေးကောက်ပွဲကြောင့် ဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာ ရှုပ်ထွေးမှုများနှင့်အတူ အပြုသဘောဆောင်သော နိုင်ငံရေးအခြေအနေတစ်ရပ်မှ အလုံးစုံပျက်သိမ်းရေးသို့ ဦးတည်နေသည်ကြောင်း ANP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ကျနော်တို့ကတော့ (ရွေးကောက်ပွဲရလဒ်) ဖျက်သိမ်းလိုက်တာဟာ အခုအနေအထားနဲ့ကြည့်မယ်ဆိုရင် မြန်မာ့နိုင်ငံရေးအခင်းအကျင်းဟာ အလုံးစုံပျက်သုန်းရေးကို ဦးတည်သွားပြီဆိုတာကို သုံးသပ်တယ်” ဟု ANP ပါတီအထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်အား ပယ်ဖျက်ကြောင်း ဇူလိုင်လ ၂၆ ရက်နေ့တွင် စစ်ကောင်စီကခန့်အပ်ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။

နိုင်ငံတဝှမ်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မိမိရပ်ရွာ၊ အိုးအိမ်၊ အလုပ်အကိုင်များကို စွန့်ခွာပြီး တိမ်းရှောင်နေရသည့် ပြည်သူများသည် စားသောက်နေထိုင်ရေး အခက်အခဲများဖြင့် ရင်ဆိုင်နေရသည့်အချိန်တွင် တတိယလှိုင်း ကိုဗစ်ကပ်ရောဂါ တပါတည်းကူးစက်ခံရမှုကြောင့် အသက်ဆုံးရှုံးမှု များပြားခြင်းကိုလည်း ကြုံတွေ့နေရကြောင်း ANP ၏ ထုတ်ပြန်ချက်က ဆိုထားသည်။

ထို့ကြောင့် ခိုကိုးရာမဲ့ဖြစ်နေကြသည့် ပြည်သူများ၏ လိုအပ်ချက်ကို ကူညီပံ့ပိုးရန်ဆန္ဒရှိသော မည်သည့်အဖွဲ့အစည်းမဆို လူသားချင်းစာနာသည့် အကူအညီ အထောက်အပံ့များ ပေးနိုင်ရေးအတွက် အမြန်ဆုံး စီစဉ်ဆောင်ရွတ်ပေးရန်လည်း ANP က တောင်းဆိုသည်။

“ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ တစ်ကမ္ဘာလုံး အကြီးအကျယ်ဒုက္ခရောက်နေကြတယ်။ အဲဒီအထဲမှာ ကျနော်တို့ရခိုင်ဆိုရင် ပိုဆိုးတယ်။ မြန်မာဆိုရင်လည်း ပိုဆိုးတယ်။ တည်ငြိမ်အေးချမ်းတဲ့ အစိုးရတစ်ခု မရှိတဲ့အချိန်မှာ အနေအထားတစ်ခုဟာ ပိုပြီးဆိုးရွားနေတဲ့ အခြေအနေတစ်ရပ်ဖြစ်နေတယ်။ ဒါကြောင့် ဒီဟာတွေကို ကိုယ်တစ်ဦးတည်းနဲ့ ဆောင်ရွက်လို့မရတဲ့အခါမှာ အများနဲ့ပူးပေါင်းပြီးတော့ ဘယ်လိုကာကွယ်ရင် ကောင်းမလဲဆိုတာကို နိုင်ငံတကာအကူညီပေးဖို့ လူတွေ၊ တခြားအရပ်ဖက်အဖွဲ့တွေ၊ အလှူရှင်တွေ ပူးပေါင်းပါဝင်ပြီးတော့ လုပ်ရမယ်ဆိုတဲ့ သဘောထားကို ပေးချင်တာဖြစ်တယ်” ဟု ANP ပါတီအထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

ယင်းအပြင် ANP ၏ထုတ်ပြန်ချက်တွင် နိုင်ငံအနှံ့ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ကျီးလန့်စာစားဖြစ်နေသည့် သန်းချီသောဒုက္ခသည်များအား လူသားဆန်စွာ အတည်တကျ နေထိုင်နိုင်ရေးအတွက် ထပ်တိုး (၁) လ အပစ်ရပ်စဲရေးမဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေးရရှိနိုင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

အလားတူ တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ ကောင်းမွန်သော နိုင်ငံတော်တည်ဆောက်ရေးအခြေအနေ တစ်ရပ်ဖြစ်ပေါ်ရေးအတွက် ပြည်သူ့အကျိုးကိုရှေ့ရှု၍ ပတ်သက်သူများ အားလုံးပါဝင်နိုင်သည့် တည်ငြိမ်အေးချမ်းသော နိုင်ငံရေးအခင်းအကျင်းသစ်တစ်ရပ် ပေါ်ပေါက်လာစေရေး အမြန်ဆုံးဆောင်ရွက်ကြရန်လိုအပ်ကြောင်း ANP ၏ သဘောထားထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...