ကိုဗစ်တတိယလှိုင်းကြောင့် မြောက်ဦးဒေသ ယူနက်စကိုဝင်ရောက်ရေးကို ရိုက်ခတ်မှုရှိ

ကိုဗစ်တတိယလှိုင်းကြောင့် မြောက်ဦးဒေသ ယူနက်စကိုဝင်ရောက်ရေးကို ရိုက်ခတ်မှုရှိ

မြန်မာနိုင်ငံတွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကြောင့် လူသေဆုံးမှုများပြားနေပြီး ရောဂါကူးစက်မှုလည်း များပြားလာနေသည့်အတွက် မြောက်ဦးဒေသကို လာမည့် ၂၀၂၂ ခုနှစ်အတွင်း ယူနက်စကိုစာရင်းဝင်နိုင်ရေး အပြီးသတ်အဆိုပြုလွှာ တင်သွင်းမည့်အပိုင်းတွင် နှောင့်နှေးလာနိုင်သည်ဟု သက်ဆိုင်သည့်ပုဂ္ဂိုလ်များက သုံးသပ်ကြသည်။

မြောက်ဦးဒေသကို ယူနက်စကိုစာရင်းဝင်နိုင်ရေး အပြီးသတ်အဆိုပြုလွှာကို လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် တင်သွင်းရမည်ဖြစ်သော်လည်း လက်ရှိကိုဗစ်ကြောင့် လိုအပ်သည့် အချက်အလက်များဆောင်ရွက်ရသည့်အပိုင်းနှင့် ဆွေးနွေးညှိနှိုင်းရသည့်အပိုင်းတွင် အခက်အခဲဖြစ်နေသည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းကပြောသည်။

“လုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အပိုင်းမှာ ဆောင်ရွက်နေတာရှိပါတယ်။ update လုပ်ဆောင်ရတဲ့အပိုင်းမှာ တချို့ ကိစ္စတွေမှာဆိုလို့ရှိရင်တော့ ကိုဗစ်ကြောင့် နည်းနည်းလေး အခက်အခဲ နှောင့်နှေးမှုဖြစ်လာနိုင်တယ်။ ကိုဗစ်ကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ တချို့လုပ်ငန်းတွေအားလုံးကို တလွဲဖြစ်သွားနိုင်ပါတယ်။ အဆိုပြုလွှာတွေ ဆက်လက်တင်ပြပေးသွားရမဲ့ အပိုင်းတွေ၊ပုံနှိပ်ရမဲ့လုပ်ငန်းတွေ အဲဒီလိုလုပ်ငန်းပိုင်းတွေမှာဆိုလို့ရှိရင် အခက်အခဲဖြစ်နေတယ်။ ဒီကလုပ်ဆောင်ပေးထားတဲ့ လုပ်ငန်းတွေကို ရန်ကုန်မှာအစည်းဝေးထိုင်ပြီးဆွေးနွေးရမဲ့အပိုင်းတွေ ရှိတယ်။ ဒါပေမဲ့ လက်ရှိကိုဗစ်အနေအထားနဲ့ ကျန်းမာရေးရှုထောင့်ကကြည့်လိုက်လို့ရှိရင်တော့ လုပ်ဖို့ကိုင်ဖို့ခက်နေတာလည်း ရှိတာပေါ့နော်” ဟု ဆိုသည်။

လက်ရှိအချိန်ထိ မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် UNESCO စာရင်းဝင်နိုင်ရေး လိုအပ်သည့်အချက်အလက် (Review Update) များ ဆောင်ရွက်သည့်အပိုင်းတွင် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲမှ သိရသည်။

လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ်အဆိုပြုလွှာတင်သွင်းနိုင်ခြေ ရှိခြင်း၊ မရှိခြင်းမှာ လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုအပေါ်တွင် မူတည်ကြောင်း ဦးစိုးစိုးလင်းက ဆိုသည်။

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက “နှောင့်နှေးနိုင်တယ်ဆိုတာကလည်း အများကြီး နှောင့်နှေးမယ်လို့တော့ မထင်ဘူး။ ဘာလို့လဲဆိုရင် ထိုင်ပြီးလုပ်ရမဲ့ အလုပ်တွေသာရှိတော့တယ်။ မြေပြင်ကိုလည်းဆင်းစရာမလို၊ သူတို့ရုံးမှာထိုင်ပြီးမှ ကိုယ့်ဟာကိုလုပ်နေလို့ရတဲ့ကိစ္စတွေလည်းရှိနေတယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ နှောင်းနှေးတယ်ဆိုတာကတော့ နည်းနည်းပါးပါးတော့ထိခိုက်တယ်။ အများကြီးထိခိုက်မှုတော့မရှိဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း ကိုဗစ်နှင့် နယ်မြေဒေသမတည်ငြိမ်သည့်အတွက် ကွင်းဆင်းစစ်ဆေးခြင်းမပြုနိုင်ခဲ့သည့်အတွက် မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် UNESCO စာရင်းဝင်နိုင်ရေး အပြီးသတ်အဆိုပြုလွှာကို တစ်နှစ်နောက်ဆုတ်ခဲ့ရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့်လည်း မြောက်ဦးဒေသအတွင်းမှ ရှေးဟောင်းဘုရား၊ ပုထိုးများ ပျက်စီးမှုတချို့ရှိခဲ့သည်။

မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် (unesco) ဝင်ရောက်နိုင်ရေးအဆိုပြုလွှာ (မူကြမ်း) ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပါရှမြို့ရှိ UNESO World Heritage Canter သို့ တင်သွင်းခဲ့သည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အစိုးရသက်တမ်း (၅) နှစ်တာကာလအတွင်း မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 
 

 

 

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...