မော်လမြိုင်တွင် ဖျားနာကုသရေး အိမ်သုံးဆေးဝါးတစ်ချို့ ပြတ်လပ်၊ ဆေးခန်းတော်တော်များ ပိတ်ထား

မော်လမြိုင်တွင် ဖျားနာကုသရေး အိမ်သုံးဆေးဝါးတစ်ချို့ ပြတ်လပ်၊ ဆေးခန်းတော်တော်များ ပိတ်ထား

မော်လမြိုင်မြို့‌ပေါ် ဆေးဆိုင်‌များတွင် ဖျားနာကုသရေးအတွက် လိုအပ်သော အိမ်သုံးဆေးဝါးတစ်ချို့ ပြတ်လပ်မှုရှိနေပြီး ပုဂ္ဂလိကဆေးခန်းတော်တော်များများ ပိတ်ထားကြောင်း သိရသည်။

မော်လမြိုင်မြို့ပေါ် ဆေးခန်းဖွင့်လှစ်ထားသော ဆရာဝန်တစ်ဦးက “မော်လမြိုင်မြို့ပေါ်မှာ ဆေးခန်းတော်တော်များများ ပိတ်ထားပေမယ့် ကျနော်က လူနာတွေကိုသနားလို့ ဆေးခန်းဖွင့်ပါတယ်၊ ကျနော့်ဆေးခန်းမှာက လူနာ ၅၀ ဝန်းကျင်လောက် နေ့စဥ်လာပါတယ်၊ အဲဒီလူနာထဲက ထက်ဝက်နီးပါးဟာ အနံ့မရတာ အရသာမသိတဲ့လူနာတွေ ဖြစ်နေကြတယ်၊ ဒါကြောင့် ကျနော်တို့ မော်လမြိုင်မြို့မှာ ကိုဗစ်တော်တော်ပြန့်နေတဲ့အနေအထားရှိနေပြီ၊ နောက်တစ်ခုက ပါရာစီတမောကအစ မြို့ပေါ်မှာ လိုက်ဝယ်လို့မရဖြစ်နေပြီ၊ ဆေးလည်းပြတ်နေတဲ့အတွက် ကျနော်လည်း ဒီမနက်မှာပဲ ဆေးခန်းတစ်ပတ် ပိတ်လိုက်ရပါပြီ” ဟု ဆိုသည်။

ထို့အတူ ကိုဗစ်ကုသရေးအတွက် အိမ်တွင်း‌ဆောင်ထားကြရန် အကိုက်အခဲပျောက်ဆေး၊ အဖျားပျောက်ဆေးနှင့် အားဆေးများကို အများဆုံးဝယ်ယူနေကြကြောင်း မော်လမြိုင်၊ သီရီမြိုင်ရပ်ကွက်ရှိ စွမ်းဆေးဆိုင်ပိုင်ရှင်က ပြောသည်။

"အစ်မတို့ဆိုင်မှာတော့ ရောက်တာနဲ့ကုန်တာက အဖျားပျောက်ဆေးတွေပဲ။ နောက် အားဆေးပေါ့။ ပါရာ၊ ဒီကိုဂျင်၊ အန်နာဗွန်-စီ၊ ဘရမ်းဌက်သိုက် အဲဒါတွေကတော့ ရောက်ကုန်ပဲ။ တစ်ကယ်လိုအပ်တဲ့သူတွေ လာဝယ်တယ်။ မရောင်းပေးနိုင်ဘူးဖြစ်နေတယ်။ ပစ္စည်းတွေက ပြတ်ကုန်တော့လေ" ဟု ပြောသည်။

ထို့အပြင် ပါရာစီတမော၊ ပါရာကဒ်၊ ဒီကိုဂျင်၊ Ceovit၊ Afrin၊ Envervon C ကဲ့သို့ ဆေး‌များသာမက ကွမ်းရွက်ပုံ၊ အဆုတ်သန့်ဆေး၊ အဘထရှုဆေးနှင့် ရင်လူးဆေး စသည့်ဆေးများလည်း ပြတ်လပ်မှုရှိနေကြောင်း ဆက်ပြောသည်။

မော်လမြိုင် ဇေယျာသီရီရပ်ကွက်မှ ဆေးခန်းဖွင့်ထားသည့် ဆရာမတစ်ဦးက "အရင်ကဆို ဆေးတစ်ခါတည်းပေးတယ်။ အခုက ဆရာမမှာလည်း လိုအပ်တဲ့ဆေးတွေက မရောက်ဘူး။ မှာထားတယ်။ ရောက်မလာသေးတာပေါ့။ အဲတော့ ဆေးညွှန်းပဲရေးပေးတယ်။ ဆရာမဆီမှာရှိတဲ့ ဆေးတွေဆိုရင်တော့ ဆရာမ တစ်ခါတည်းပေးတယ်" ဟု ပြောသည်။

ယခင်က ပါရာစီတမောတစ်ကဒ် ၂၅၀ ကျပ်၊ ဒီကိုဂျင် ၄၀၀ ကျပ်၊ ဘရမ်းဌက်သိုက် တစ်ဗူး ၂၅၀၀ ကျပ်၊ အဘထရှုဆေး တစ်ဗူး ၆၀၀ ကျပ် ရောင်းဈေးရှိခဲ့ရာမှ ယခုအခါ ပါရာစီတမောတစ်ကဒ် ၆၀၀ ကျပ်၊ ဒီကိုဂျင် ၈၀၀ ကျပ်၊ ဘရမ်းဌက်သိုက် တစ်ဗူး ၄၀၀၀ ကျပ်၊ အဘထရှုဆေး တစ်ဗူး ၁၂၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရသည်။

လက်ရှိ မော်လမြိုင်တွင် ကိုဗစ်သံသယလက္ခဏာရှိသူများ မိမိတို့နေအိမ်တွင်သာ သီးခြားနေထိုင်ကုသနေသောကြောင့် ဆေးဝါးဝယ်ယူမှုရှိနေသည်ဟုလည်း ယူဆကြသည်။

ကိုဗစ်တတိယလှိုင်းဖြစ်ပေါ်ခဲ့သည့် ဇွန်လနှင် ဇူလိုင်လဝက်အတွင်း မွန်ပြည်နယ်တွင် ရောဂါကူးစက်ခံရသူ ၄၃၆၇ ဦးအနက် ၁၉၈ ဦး အသက်သေဆုံးခဲ့သဖြင့် သေဆုံးမှုနှုန်း ၄ ဒဿမ ၅ ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှုနှုန်း ကူးစက်မှုနှုန်း သေဆုံးမှုနှုန်း မြင့်တက်လာနေကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...