လယ်တောမှ နွားလှည်းဖြင့်ပြန်လာသော ပြည်သူတစ်ဦးကို စစ်ကောင်စီပစ်သတ်

လယ်တောမှ နွားလှည်းဖြင့်ပြန်လာသော ပြည်သူတစ်ဦးကို စစ်ကောင်စီပစ်သတ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့နယ် ရွာသစ်ကြီးကျေးရွာတွင် လယ်တောမှ နွားလှည်းဖြင့်ပြန်လာသော အမျိုးသားတစ်ဦးကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်ခဲ့သဖြင့် ထိုနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ဇူလိုင်လ ၆ ရက်နေ့ ယမန်နေ့ ည ၈ နာရီဝန်းကျင်ခန့် အာဏာသိမ်းစစ်သား အယောက် ၂၀ ကျော်သည် ရွာသားဖြစ်သော ဦးသန်းဝေကို သွားရောက်ဖမ်းဆီးခေါ်ဆောင်လာသော လမ်းခရီးတွင် နွားလှည်းဖြင့်ပြန်လာသော ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

“ရွာထဲမှာ လက်နက်လုပ်တယ်ဆိုပြီး ဦးလေးတစ်ယောက်ရဲ့အိမ်ကို လာဝိုင်းပြီး စစ်တယ်။ နောက် ဦးလေးကိုလည်း ဖမ်းသွားတယ်။ အဲ့အချိန်မှာ လယ်တောကနေ နွားလှည်းမောင်းပြီး ရွာသား ၃ ယောက်ပြန်လာတယ်။ စစ်သားတွေက သူတို့ ၃ ယောက်ကို ရပ်ခိုင်းတာထင်တယ်။ နှစ်ယောက်က ဆင်းပြီးရပ်ပေးတယ်လို့ သိရတယ်။ လူအုပ်ကြီးနဲ့ဆိုတော့ နွားက ထိန်းမရတော့ သွားလိုက်တာကို စစ်သားတွေက နောက်ကနေ ၄ ချက် လိုက်ပစ်တယ်လို့သိရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

နွားလှည်းပေါ်တွင် ပစ်သတ်ခံရသော အမျိုးသားမှာ အသက် ၃၀ အရွယ် ကိုဘဂျမ်းဆိုသူဖြစ်ပြီး နောက်ကျောတွင် သေနတ်ထိမှန် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ကျေးရွာတွင် လက်နက်လုပ်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ခံရသော ဦးသန်းဝေကို ယမန်နေ့ညတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ပြန်လည်လွှတ်လိုက်သည်ဟု သိရသည်။

ဦးဘဂျမ်းကို ပစ်သတ်မှုနှင့် ဦးသန်းဝေကို ဖမ်းဆီးသွားသော အာဏာသိမ်းစစ်တပ်မှာ ဟိုပင်မြို့နယ် ရွာသစ်ကျေးရွာအခြေစိုက် စကခ ၃ အောက် ခမရ ၃၈၉ တပ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 
 

 

 

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...