ဖားကန့်တွင် ရေဘေးထပ်မံကြုံတွေ့နေရပြီး မြေစာများပါ ရွာအတွင်း ဝင်ရောက်

ဖားကန့်တွင် ရေဘေးထပ်မံကြုံတွေ့နေရပြီး မြေစာများပါ ရွာအတွင်း ဝင်ရောက်

ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေ မြင့်တက်လာကာ  ရေကြီးရေလျှံ မှုများကို ထပ်မံကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း မိုးရွာသွန်းမှုများပြားနေသဖြင့် ဥရုချောင်းနဘေးရှိ ကျေးရွာအများစုမှာ ရေဝင်ရောက်နစ် မြှုပ်လျက်ရှိပြီး ဒေသခံပြည်သူများမှာ ရေဘေးအန္တရာယ်နှင့် ထပ်မံရင်ဆိုင်နေကြရသည်။

ဩဂုတ်လ ၄ ရက်နေ့မှစတင်ကာ ဖားပြင်နှင့် မမုံကျေးရွာများဘက်သို့ ဥရုချောင်းရေ ဝင်ရောက်ရိုက်ခတ်ခဲ့ပြီး လူနေအိမ်များ ထိခိုက်ပျက်စီးမှုများ ရှိလာခဲ့သည်။

ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက “အခုတစ်ခေါက် ရေကြီးတာက မိုးကြီးလို့ပါ။ ဥရုချောင်းနဘေးက မမုံ၊ ဖားပြင်ကျေးရွာတွေမှာ အဆိုးဆုံးဖြစ်နေပါတယ်။ အခုက ရေတွေတင်ဝင်တာမဟုတ်ဘူး၊ ချောင်းထဲက မြေစာ တွေပါ ရွာထဲကို ဝင်လာတာပါ။ ဥရုချောင်းကလည်း ကောလာတော့ ရေလမ်းကြောင်းထွက်ပေါက် သိပ်မရှိ သလို ဖြစ်သွားတယ်။ အဓိကကတော့ ကုမ္ပဏီတွေက စည်းကမ်းရှိရှိ မလုပ်တာလည်း ပါတယ်” ဟု ပြောသည်။

ယခုတစ်ကြိမ် ရေကြီးမှုတွင် ဥရုချောင်းရေ မြင့်တက်လာခြင်းအပြင် မြေစာပုံများပါ ပြိုကျလာကာ ရေနှင့်အတူ မြေစာများက ကျေးရွာများအတွင်းသို့ ဝင်ရောက်ရိုက်ခတ်ခဲ့ခြင်းကြောင့် နေအိမ်များနှင့် လမ်းပိုင်းများ ထိခိုက် ပျက်စီးခဲ့ကာ ဒေသခံများမှာ သွားလာရေးအခက်အခဲများနှင့် ကြုံတွေ့နေရသည်။

ဖားကန့်မြို့နယ်တွင် ဇူလိုင်လကုန်ပိုင်းက တစ်လကျော်အတွင်း ရေကြီးရေလျှံမှု ၅ ကြိမ်မြောက် ကြုံတွေ့ခဲ့ရပြီး နောက် ယခု ဩဂုတ်လဆန်းပိုင်းတွင် ထပ်မံရင်ဆိုင်နေရခြင်း ဖြစ်သည်။

လက်ရှိတွင် ဖားပြင်နှင့် မမုံကျေးရွာများအပြင် ဖားကန့်မြို့ပေါ် ရပ်ကွက် ၅ ခုနှင့် အခြားကျေးရွာများတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။

အခြား ဒေသခံအမျိုးသားတစ်ဦးက “ဖားကန့် မှော်ဝမ်း၊ အေးမြသာယာ၊ မှော်မုံ၊ ဖားပြင် ဒီတစ်လျှောက်က တော်တော်လေး ဆိုးရွားနေပါတယ်။ လုံးခင်းဘက်ခြမ်းမှာတော့ အရမ်းကြီး စိုးရိမ်စရာ မရှိသေးဘူး” ဟု ပြော သည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ကြုံခဲ့ရသည့် ရေဘေးဒဏ်ကြောင့် ပြည်သူများမှာ ကျေးရွာနှင့် ရပ်ကွက်များ အတွင်း သန့်ရှင်းရေးနှင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို လုပ်ဆောင်ဆဲကာလ ဖြစ်ပြီးမှ တစ်ပတ်ခန့် အကြာတွင် ယခုကဲ့သို့ ထပ်မံရေကြီးလာခြင်း ဖြစ်သည်။

ဖားကန့်ဒေသတွင် ဥရုချောင်းရေကြီးမှုကြောင့် နှစ်စဉ်ရေဘေးအန္တရာယ် ကြုံတွေ့နေရသော်လည်း ၂၀၂၆ ခုနှစ် အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားသည့်အကြိမ်ရေမှာ အများဆုံးနှစ်တစ်နှစ် ဖြစ်လာနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

Most read this week

မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...
ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...