ALD ပါတီဝင် ဦးဇော်ဝင်းထွန်းဖမ်းဆီးခံရမှု ၇ ရက်ကြာသည့်တိုင် မိသားစုနှင့် အဆက်သွယ်မရ

ALD ပါတီဝင် ဦးဇော်ဝင်းထွန်းဖမ်းဆီးခံရမှု ၇ ရက်ကြာသည့်တိုင် မိသားစုနှင့် အဆက်သွယ်မရ

ဇွန်လ ၂၈ ရက်နေ့က လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိလူတစ်စုက ဖမ်းဆီးသွားသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီမှ လက်ရှိ စစ်တွေမြို့နယ် ဖွဲ့စည်းရေးကော်မတီ (ယာယီ) ဥက္ကဌဖြစ်သည့် ဦးဇော်ဝင်းထွန်းနှင့် မိသားစုဝင်များမှာ ၇ ရက်ကြာသည့်တိုင် အဆက်သွယ်မရရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။

“ဒီနေ့အထိ အဆက်သွယ်မရသေးဘူး။ ကျနော်အစ်ကိုကို ဘယ်ကိုခေါ်သွားလဲ၊ ဘယ်သူတို့ကခေါ်သွားလဲဆိုတာ သိချင်တယ်။ နောက်ပြီးတော့ သူမှာ သွေးတိုးရောဂါနဲ့ နှလုံးလည်းသိပ်မကောင်းဘူး။ မိသားစုတွေကိုတော့ ခြိမ်းခြောက်တာတွေမရှိပါဘူး။ ကျနော်အစ်ကိုအတွက် စိုးရိမ်တယ်” ဟု ဦးဇော်ဝင်းထွန်း၏ ညီဖြစ်သူ ကိုထွန်းလင်းက ပြောသည်။

ဦးဇော်ဝင်းထွန်းမှာ ဇွန်လ ၂၈ ရက်နေ့က သမီးဖြစ်သူကို အိုးတန်းရပ်ကွက်ရှိ မူလတန်းကျောင်းသို့ ပို့ပြီးအပြန် ကျောင်းရှေ့တွင် ကားအဖြူရောင်တစ်စီးမှ အရပ်ဝတ်ဖြင့် လူ ၆ ဦးခန့်မှ ဖမ်းဆီးသွားခြင်းဖြစ်သည်။

ယင်းအပြင် ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်ရှိ ဦးအေးထွန်း (ခ) အေးထွန်းဘုကို အမည်မသိ လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုဖမ်းသွားခဲ့ပြီး ယခုအချိန်ထိ ပြန်လွတ်ခြင်းမရှိသေးပေ။

ဇွန်လ ၁၉ ရက် ညနေ ၅ နာရီကျော်ခန့်ကလည်း  စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်တွင် အသက် ၅၂ နှစ်အရွယ် ဦးညွန့်စိုးအောင်ကို အမည်မသိ လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသွားသည်။

“ကျမတို့ကတော့ တရားမျှတမှုလိုချင်တယ်။ ကျမတို့က အထက်ကလူကြီးတွေကိုပဲ တရားမျှတအောင် လုပ်ပေးပါလို့ တောင်းဆိုချင်တယ်။ သေသွားတဲ့သူက သေသွားပြီဆိုတော့ ကျမတို့လည်း ဘာမှမတတ်နိုင်တော့ဘူးလေ” ဟု သေဆုံးသွားသည့် ဦးညွန့်စိုးအောင်၏ ခယ်မဖြစ်သူ ဒေါ်လှရီက DMG သို့ ပြောဆိုထားသည်။

လက်ရှိအချိန်တွင် စစ်တွေမြို့အတွင်း ဖမ်းဆီးမှုများ၊ သေနတ်ဖြင့်ပစ်ခတ်မှုများ ရှိနေသည့်အတွက် စိုးရိမ်မှုများရှိနေသည်ဟု စစ်တွေဒေသခံ ဦးစိုးနိုင်က ပြောသည်။

“အခုလက်ရှိမှာ ဖမ်းဆီးမှုတွေရှိလာတာဟာ စစ်တွေမြို့ရဲ့ တရားဥပဒေစိုးမိုးမှုဟာ နည်းနည်းလစ်ဟာနေတဲ့ ပုံစံမျိုးမြင်တယ်။ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ပုံစံမျိုးပေါ့။ အခုလို ပုံသဏ္ဍန်မျိုးဆိုရင်တော့ နည်းနည်းစိုးရိမ်မှုတွေရှိတယ်” ဟု ပြောသည်။

ဦးဇော်ဝင်းထွန်းမှာ ယခင်က ALD ပါတီနှင့် RNDP ပေါင်းစည်းရေးကော်မတီတွင် ဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ယင်းနောက် ရခိုင်အမျိုးသားပါတီ ANP မှနုတ်ထွက်ပြီး ရခိုင်မျိုးချစ်ပါတီ APP ကိုတည်ထောင်ကာ ဥက္ကဌတာဝန် ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ၂၀၁၉ တွင် APP ပါတီကိုဖျက်သိမ်းပြီး လက်ရှိတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တွင် စစ်တွေမြို့နယ် ဖွဲ့စည်းရေးကော်မတီ ယာယီဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။

 
 

 

 

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...