ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှ သံတွဲအကျဉ်းထောင်သို့ပို့ဆောင်သည့် အချုပ်သားနှစ်ဦးထံ၌ ကိုဗစ်ရောပါပိုးတွေ့ရှိကြောင်း သတင်းရရှိသည်။
သံတွဲအကျဉ်းထောင်သို့ ပို့ဆောင်လိုက်သော အကျဉ်းသား ၆ ဦးထဲမှ ၂ ဦးတွင် COVID-19 ပိုးတွေ့ရှိခြင်းဖြစ်ကြောင်း သံတွဲဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်းက DMG သို့ပြောသည်။
"တောင်ကုတ်အချုပ်ကသယ်လာပြီး ဒီမှာ ထောင်ထဲကိုမထည့်မှီ COVID-19 ပိုး ရှိ/မရှိ RTD နဲ့ စစ်ဆေးတယ်။ အဲဒီအခါမှာ ၂ ဦးတွေ့တယ်။ သူတို့တွေကို တောင်ကုတ်ကိုပြန်ယူသွားကြတယ်" ဟု ၎င်းကပြောသည်။
အဆိုပါ အချုပ်သား ၆ ဦးကို လက်ရှိတွင် တောင်ကုတ်မြို့နယ်ရဲစခန်းမှ အချုပ်ထဲတွင် သီးခြားထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျှက်ရှိကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။
တောင်ကုတ်မြို့နယ် ရဲစခန်းမှ အရာရှိတစ်ဦးက "သူတို့တွေကို ကျနော်တို့အချုပ်ခန်းမှာ သီးခြားစီခွဲပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေပါတယ်။ သူတို့တွေကတော့ အခု ကျန်းကျန်းမာမာရှိပါတယ်" ဟု ၎င်းရဲအရာရှိကပြောသည်။
Coivd-19 ပိုး ပြန့်ပွားကူးစက်မှုမရှိစေရန်အတွက် အချုပ်သားများနေထိုင်သော အချုပ်ခန်းများကို လူမှုအဖွဲ့အစည်းမှ လာရောက်ကာ ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်းလည်း ၎င်းကဆိုသည်။
လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်ရောဂါကူးစက်မှု တတိယလှိုင်းတွင် ရခိုင်ပြည်နယ်အတွင်းမှ စစ်တွေ၊ မောင်တောနှင့် တောင်ကုတ်မြို့နယ်တို့၌ စုစုပေါင်းလူဦးရေ ၈၀ ကျော်အထိ ကူးစက်မှုရှိလာနေပြီး သေဆုံးသူမရှိသေးပေ။







