ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် ကလေးများစာသင်ကြားနိုင်ရန် အကူညီအများအပြားလိုအပ်နေ

ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် ကလေးများစာသင်ကြားနိုင်ရန် အကူညီအများအပြားလိုအပ်နေ

အင်ဂျန့်ယန်မြို့နယ် ဘွမ်ရာယန်ကျေးရွာတွင် စစ်ရှောင်နေသောကလေးများ စာသင်ကြားရာတွင် ထိုင်ခုံ၊ စာရေးခုံနှင့် နေရာမလုံလောက်သောကြောင့် အခက်အခဲကြုံနေရသည်ဟု စခန်းတာဝန်ခံများထံမှ သိရသည်။

ယခုအပတ် ဇွန်လ ၁၄ ရက်မှစတင်ပြီး ဆရာ၊ ဆရာမအနည်းငယ်နှင့် စခန်းတွင် စာသင်ကြားနေပြီဖြစ်သော်လည်း ကလေးပညာရေးအတွက် ကူညီထောက်ပံ့မှုမျိုးစုံ လိုအပ်နေသေးကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မေ ၂၅ ရက်ကနေ နာမည်အကုန်ထည့်ထား ကောက်ထားပြီးပေမဲ့ စာသင်ဆောင်အမြန်မဆောက်နိုင်လို့ ဇွန် ၁၄ မှ စပြီးဖွင့်နိုင်တယ်။ စာသင်ဆောင်ကို မိုးကာနှင့်မိုးထားပေမယ့် မလောက်ဘူး။ အဲ့ထဲမှာ ကလေးတွေအတွက် ထိုင်ခုံမလောက်တော့ တစ်ချို့ကျ ကြမ်းပြင်မှာ ကိုယ့်ဖိနပ်ခံပြီးထိုင် တစ်ချို့ကျတော့ ၆ ယောက်ပဲဆံ့တဲ့ခုံမှာ ၈ ယောက်လောက် ပူးကပ်ထိုင်ပြီး သင်နေရတယ်” ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် ပညာရေးတာဝန် ထမ်းဆောင်နေသူတစ်ဦးက ပြောသည်။

ဘွမ်ရာယန်စစ်ရှောင်စခန်းသည် မြို့ဖြင့်ဝေးသော နေရာဒေသဖြစ်သောကြောင့် စာသင်ကျောင်းဆောင်နှင့် စားပွဲခုံများကို ဝါးဖြင့်ပြုလုပ်ရန်ကြိုးစားသော်လည်း သစ်၊ ဝါး ရှားပါးမှုကြောင့် ချက်ချင်းအပြီးဆောက်လုပ်နိုင်ရန် ခက်ခဲနေကြောင်း သိရသည်။

လက်ရှိတွင် ဘွမ်ရာယန်စစ်ရှောင်ကလေးများအတွက် ၆ တန်းအထိ ဖွင့်လှစ်ထားတာသော်လည်း ၄ တန်းအထိသာ ထိုင်ခုံရှိသောကြောင့် ကျန်သည့်အတန်းများမှာ မြေကြီးပေါ်ထိုင်ကာ သင်နေရသည်ဟု ဆိုသည်။

ထို့အပြင် စခန်းသို့ စေတနာ့ဝန်ထမ်းဖြင့် လာရောက်သင်ကြားပေးနေသော ဆရာ၊ ဆရာမများအတွက်လည်း အစားအသောက်ကူညီမှုနှင့် နေစရာအဆောင်များ လိုအပ်နေသေးကြောင်း သိရသည်။

ဘွမ်ရာယန်ကျေးရွာသည် ရာသီဥတုကြမ်းတမ်းပြီး သောက်ရေမသန့်ရှင်းမှုကြောင့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များတွင် ဖျားနာမှုရှိနေကြောင်း သိရသည်။

“မိုးရာသီဆိုတော့ မြေအကုန်နီ သူတို့အတွက်ဖိနပ် ဖနပ်တောင် ဒီမြေကြီးနီနီနဲ့ အဆင်ပြေနိုင်တဲ့ မိုးစီးဖိနပ်မျိုးပေါ့။ ပြီးရင် မိုးကာ ထီးတွေကအစ အကုန်လိုအပ်နေသေးတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ကျောင်းသားစုစုပေါင်း ၁၆၈ ဦးနှင့် သင်ကြားပေးသော ဆရာ၊ ဆရာမ စုစုပေါင်း ၁၁ ယောက်ရှိကြောင်း သိရသည်။

ဘွမ်ရာယန်စစ်ရှောင်များသည် စစ်တပ်အာဏာသိမ်းပြီးနောက် အင်ဂျန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲပြင်းထန်လာသဖြင့် ထွက်ပြေးခဲ့ရသူများဖြစ်သည်။

 
 

 

 

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...