ယုဇနကုမ္ပဏီထံမှ သိမ်းယူထားသော မြေယာနှင့်ပစ္စည်းများကို ရယူခြင်းမပြုရန် KIO သတိပေး

ယုဇနကုမ္ပဏီထံမှ သိမ်းယူထားသော မြေယာနှင့်ပစ္စည်းများကို ရယူခြင်းမပြုရန် KIO သတိပေး

ဟူးကောင်းချိုင့်ဝှမ်းဒေသ ယုဇနကုမ္ပဏီပိုင်ဆိုင်သော မြေယာများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က သိမ်းပိုက်ထားပြီဖြစ်သောကြောင့် လက်ရှိ ထိုမြေနေရာများတွင် စိုက်ပျိုးရေးနှင့် အခြားလုပ်ငန်းများအတွက် မြေယာဦးယူပိုင်ဆိုင်ခြင်းမပြုရန် KIO အနောက်ပိုင်းခရိုင်အုပ်ချုပ်ရေးရုံးက ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။

ဝါရာဇွပ်ကျေးရွာအုပ်စု ဘန်ကောက်ကျေးရွာရှိ စစ်တပ်ကျောထောက်နောက်ခံ ယုဇနကုမ္ပဏီဝင်းကို KIA က ပြီးခဲ့သည့် ဧပြီလနှင့် မေလတွင် ၂ ကြိမ် မီးရှို့ဖျက်ဆီးသိမ်းယူမှုများပြုလုပ်ခဲ့ပြီးနောက် ထိုနေရာတွင် စီးပွားရေးလုပ်ငန်းရှင်တစ်ချို့က မိမိတို့ ကိုယ်ကျိုးစီးပွားရေးအတွက် မြေယာဦးယူမှုများရှိလာသောကြောင့် သတိပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုထားသည်။

ယုဇနကုမ္ပဏီ ထွက်ခွာသွားပြီးနောက် ဒေသခံများကြား မြေယာခွဲဝေမှုနှင့်ပတ်သက်ပြီး အငြင်းပွားမှုမရှိစေရန်နှင့် လုပ်ငန်းရှင်များထံမှ ကာကွယ်ပေးရန် KIO တပ်ရင်း၊ တပ်မဟာနှင့် ဗဟိုအထိ စာတင်ပြတောင်းဆိုမှုများ ပြုလုပ်ထားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကိုပြောပြသည်။

“KIO/KIA ကနေ အခုလို ယုဇနကုမ္ပဏီကို မောင်းထုတ်ပြီး မြေယာတွေ ပြန်လည်သိမ်းယူလိုက်တယ်။ ဒါကို တစ်ချို့ ငွေကြေးတတ်နိုင်တဲ့သူတွေ၊ အာဏာရတဲ့သူတွေက ပြန်ပြီး လွှမ်းမိုးလာတယ်။ ဦးပိုင်အဖြစ် မြေယာတွေ ပြန်ယူလာတယ်။ ဒေသခံတွေက အခုချိန်ထိ တစ်ခုမှမယူရသေးဘူး။ ကျနော်တို့ဒေသခံတွေက ဒါကို KIA က တာဝန်ယူ အမြန်ဖြေရှင်ပေးဖို့တောင်းဆိုခဲ့ကြတာ ဟုတ်တယ်” ဟု ပြောဆိုသည်။

ထုတ်ပြန်ချက်တွင် ယခင်က ယုဇနကုမ္ပဏီသိမ်းယူခဲ့သည့် လယ်ယာမြေများကို လက်ရှိ KIO က ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ မြေယာခွဲဝေမှုပြုလုပ်ပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ယုဇနကုမ္ပဏီဝင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများကို မိမိကျေးရွာဒေသအတွင်း နေထိုင်ခွင့်နှင့် အကာအကွယ်ပေးသည့် လုပ်ရပ်မှုများ ရှောင်ကျဉ်ကြရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းပြောဆိုထားသည်။

ယုဇနကုမ္ပဏီဝင်းအတွင်းရှိ ဂိုဒေါင်များ၊ အုပ်နံရံများနှင့် ဝန်ထမ်းဆောင်များကို KIA က မီးရှို့ဖျက်ဆီးပေးခဲ့ပြီးနောက် ၎င်းကုမ္ပဏီဝင်းတွင် နေထိုင်သည့်သူများက ဧပြီလအတွင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၂၀၀၆ ခုနှစ် ဦးသန်းရွှေ စစ်ခေါင်းဆောင်လက်ထက်က ဟူးကောင်းဒေသခံဌာနေသားများ၏ မြေဧက ၂ သိန်းကျော်ကို ယုဇနကုမ္ပဏီက သိမ်းယူကာလုပ်ကိုင်ခဲ့ပြီး ၎င်းတို့က လီဒိုလမ်းတစ်လျှောက် အာဏာသိမ်းစစ်တပ်ရင်းများနှင့် ပြည်သူ့စစ်များက ကာကွယ်မှုပေးခဲ့ကြကြောင်း သိရသည်။

 
 

 

 

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...