ကချင်တွင် လပိုင်းအတွင်း စစ်ရှောင်အသစ်ထပ်တိုးလာကြောင်းနှင့် ကူညီထောက်ပံ့မှုလိုအပ်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းများထုတ်ပြန်

ကချင်တွင် လပိုင်းအတွင်း စစ်ရှောင်အသစ်ထပ်တိုးလာကြောင်းနှင့် ကူညီထောက်ပံ့မှုလိုအပ်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းများထုတ်ပြန်

ကချင်ပြည်နယ်တွင် ပြီးခဲ့သောလများအတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်လူဦးရေ ၈၅၀၀ ခန့် ထွက်ပေါ်ခဲ့ပြီး အများစုမှာ မိုးမောက်၊ မံစီနှင့် ရွှေကူမြို့နယ်များမှဖြစ်ကြောင်း Joint Strategy Team ၏ ထုတ်ပြန်ချက်မှ သိရသည်။

ယနေ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ ၁၀ နှစ်ပြည့်နေ့တွင် ကချင် အရပ်ဘက်ကူညီရေးအဖွဲ့များ ပူးပေါင်းထားသော JST ၏ ထုတ်ပြန်ချက်တွင် မိုးမောက်၊ မံစီနှင့် ရွှေကူမြို့နယ်အတွင်း နေရာ ၄၂ ခုမှ စစ်ရှောင်အသစ် ၆၀၀၀ ခန့် ထွက်ပေါ်လာကြောင်း ဆိုထားသည်။

Covid-19 ကြောင့် နယ်စပ်ဖြတ်ကျော်သွားလာမှုများ ကန့်သတ်ခံရသလို၊ စစ်တပ်၏အာဏာသိမ်းမှုကြောင့် စစ်ရှောင်များအတွက် လိုအပ်သော ကူညီထောက်ပံမှုများ ပို့ဆောင်ပေးရန် ခက်ခဲလာခြင်းနှင့် ငွေသားထုတ်ယူရာတွင်လည်း ရာခိုင်နှုန်းပေးကာ ထုတ်ယူရသည့်အခြေအနေရှိနေကြောင်း ဖော်ပြထားသည်။

ထို့အပြင် ယနေ့တွင် ကချင်ငြိမ်းချမ်းရေးကွန်ရက်ကလည်း ကချင် တကျော့ပြန်စစ်ပွဲ ၁၀ နှစ်ပြည့်နေ့တွင် နိုင်ငံတကာအစိုးရများ၊ အာဆီယံနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် လူ့အခွင့်အရေးကောင်စီသို့ တောင်းဆိုမှု စာထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ထိုအထဲတွင် မတရားဖမ်းဆီးခံရသူများ အမြန်လွတ်မြောက်စေရန် နိုင်ငံတကာမှ ဖိအားပေးရန်၊ အရပ်သားများနေထိုင်သောနေရာများတွင် လေယာဉ်ပျံသန်းကင်းမဲဇုန်ထားရှိပေးရန်၊ အကြမ်းဖက်စစ်တပ်ကို ဝင်ငွေရစေသည့်လမ်းကြောင်းနှင့် စစ်လက်နက်နည်းပညာထောက်ပံ့နေသူများကို အရေးယူပိတ်ဆို့ပေးရန်လည်း တောင်းဆိုထားသည်။

စစ်ပွဲ ၁၀ နှစ်ပြည့်အစီစဉ်ကို လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ယခင်နှစ်များလို အစီစဉ်ကြီးဖြင့် ပြုလုပ်နိုင်ခြင်းမရှိဘဲ စစ်ရှောင်စခန်းများတွင် ဆုတောင်းခြင်းသာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် တကျော့ပြန်စစ်ပွဲကြောင့် ယခင်ကတည်းက စစ်ရှောင် ၁ သိန်းကျော်ရှိနေပြီးဖြစ်ကာ အများစုသည် ၂၀၂၁ နှစ်ဆန်းတွင် နေရပ်ပြန်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

သို့သော် စစ်တပ်အာဏာသိမ်းလိုက်သောကြောင့် စစ်ရှောင်များမှာ နေရပ်ပြန်ရန် ပိုမိုစိုးရိမ်သွားခဲ့ကြောင်း ပြောဆိုနေကြသည်။

ပြီးခဲ့သည့်လပိုင်းအတွင်း အင်ဂျန့်ယန်၊ မိုးမောက်၊ မံစီ၊ ရွှေကူနှင့် ဖားကန့်မြို့နယ်များတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားလာသောကြောင့် ဒေသခံများမှာ စစ်ရှောင်အသစ်အဖြစ် ထွက်ပြေးခိုလှုံနေရကြောင်း သိရသည်။

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...