ဒေါ့ဖုန်းယန်မြို့အနီး တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက် ထိခိုက်သေဆုံးမှုများပြား

ဒေါ့ဖုန်းယန်မြို့အနီး တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက် ထိခိုက်သေဆုံးမှုများပြား

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့အနီးတွင် ယမန်နေ့က အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စောင့်ကြိုတိုက်ခိုက်ခဲ့ရာတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ အယောက် ၂၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၃ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က ဗန်းမော်လမ်းမကြီးအတိုင်း နွမ်လန့်ကျေးရွာမှ ဒေါ့ဖုန်းယန်သို့တက်လာသော အာဏာသိမ်းစစ်တပ် အင်အား ၁၅၀ ခန့်ကို ဒေါ့ဖုန်းယန်မရောက်မှီ အူထန်ယန်ကျေးရွာအနီးတွင် KIA တပ်ရင်း ၁၉ အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် သေဆုံးသွားသူများကို ဒေါ့ဖုန်းယန်နှင့် နွမ်းလန့်ရှိ စစ်အင်အားတစ်ချို့ ထပ်မံရောက်ရှိလာပြီး ယမန်နေ့ညနေပိုင်းက လာရောက်သင်္ဂြုလ်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

“မနေ့ကတိုက်ပွဲမှာ စစ်တပ်ဘက် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ အားလုံး ၂၀ ကျော်တယ်တဲ့။ တိုက်ပွဲဖြစ်ပြီး ညနေပိုင်းမှာ ဒေါ့ဖုန်းယန်နဲ့ နွမ်လန့်ဘက်က စစ်သားတစ်ချို့ ပြန်ရောက်လာပြီး ဒဏ်ရာရတဲ့သူတွေကို လာကယ်ထုတ်တယ်။ သေဆုံးသွားတဲ့သူတွေကိုတော့ အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာမှာဘဲ သင်္ဂြုလ်သွားတယ်လို့ သိရတယ်။ မိုးချုပ်ခါနီး ၅ နာရီလောက်မှ ဒေါ့ဖုန်းယန်ဘက် ပြန်တက်သွားကြတယ်တဲ့” ဟု ပြောဆိုသည်။

အဆိုပါတိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က ကျဆုံးမှုများပြီး လက်နက်တချို့ကိုလည်း KIA က သိမ်းယူနိုင်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းများမှ သိရသည်။

ယမန်နေ့ တိုက်ခိုက်ခံရသည့် လမ်းကြောင်းအတိုင်း ယနေ့တွင်လည်း အာဏာသိမ်းစစ်တပ် အင်အား ၁၀၀ ကျော်ဖြင့် ဒေါ့ဖုန်းယန်တို့ ဆက်လက် ချီတက်လာနေကြောင်း သိရသည်။

ဒေါ့ဖုန်းယန်မြို့သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာနချုပ်ဖြင့် နီးကပ်ပြီး အလောဘွမ်တောင်ခြေတွင်တည်ရှိသော ကျေးရွာလည်း ဖြစ်သည်။

လက်ရှိ ထိုနေရာတွင် အာဏာသိမ်းစစ်တပ်ဘက် တပ်မ ၈၈ နှင့် ၇၇ တို့မှ စစ်အင်အား ၈၀၀ ကျော် ရောက်ရှိနေကြောင်း သိရသည်။

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...