ပူတာအိုမြို့အခြေစိုက် အာဏာသိမ်းစစ်တပ် ခလရ ၄၆ စစ်တပ်ကုန်းတွင် ယနေ့နံနက်ပိုင်းက အဝေးပစ်လက်နက်တစ်ခုဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၂၈ ရက်နေ့ ယနေ့ နံနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်တွင် ပူတာအို ကောင်ကထောင်ရပ်ကွက်ရှိ စစ်တပ်ဗျူဟာကုန်းတွင် ပေါက်ကွဲသံ ၂ ကြိမ် ကြားလိုက်မိကြောင်း ကောင်ကထောင် ရပ်ကွက်ပြည်သူတစ်ဦးက အတည်ပြုပြောဆိုသည်။
“ဒီမနက်ပိုင်း ၁ နာရီနဲ့ ၂ နာရီကြားမှာ ဟုတ်တယ်။ ပေါက်ကွဲသံ ၂ ခါကြားလိုက်တယ်။ အဝေးကနေ လှမ်းပစ်လိုက်တဲ့အသံတော့ ဟုတ်တယ်။ ဘာနဲ့ပစ်တာက ကျနော်လည်းမသိဘူး” ဟု ပြောဆိုသည်။
အဆိုပါပစ်ခတ်မှုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ အောက်၊ တပ်ရင်း (၇) က ရှော့တိုက်ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ထပ်မံပြောဆိုသည်။
“စခန်းအတွင်းမှာက ၁ လုံးထဲကျတယ်လို့ပြောတယ်။ ဒါပေမယ့် စစ်တပ်အထဲမှာဖြစ်တယ်ဆိုတော့ ပျက်စီးထိခိုက်မှုတွေက မသိရသေးဘူး” ဟု ပြောဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်အနှံ တိုက်ပွဲဖြစ်ပွားနေသော်လည်း ပူတာအိုခရိုင်တွင် ပစ်ခတ်ပေါက်ကွဲခြင်း မရှိခဲ့ကြောင်း သိရသည်။







