ရွှေကူတွင် ပစ်ခံရသည့် စစ်တပ်ရိက္ခာသယ်သင်္ဘောတစ်စီး ဒုတိယမြစ်ကျဉ်းတွင် ထပ်မံပစ်ခတ်ခံရ

ရွှေကူတွင် ပစ်ခံရသည့် စစ်တပ်ရိက္ခာသယ်သင်္ဘောတစ်စီး ဒုတိယမြစ်ကျဉ်းတွင် ထပ်မံပစ်ခတ်ခံရ

ရွှေကူမှ ဗန်းမော်မြို့သို့ ဆန်တက်လာသော အာဏာသိမ်းစစ်တပ်၏ စစ်လက်နက်နှင့် စားနပ်ရိက္ခာတင်ဆောင်လာသည့် သင်္ဘောကို ရွှေကူမြို့နယ်အတွင်း ဒုတိယမြစ်ကျဉ်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မေလ ၁၁ ရက် ယနေ့ နံနက် ၄ နာရီခန့်က ရွှေကူမြို့ သင်္ဘောဆိပ်မှ ဗန်းမော်မြို့သို့တက်လာသည့် အဆိုပါသင်္ဘောကို KIA က ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်း သင်္ဘောအင်းနှင့် ဇင်းဘုံကျေးရွာ ၂ နေရာတွင် ပစ်ခတ်ခဲ့ပြီးနောက် ၂ ဖက်ပစ်ခတ်မှုအချို့လည်းရှိခဲ့ကြောင်း သိရသည်။

“ဒီ ရွှေကူကနေ မနက် ၄ နာရီလောက်ကနေ သင်္ဘောထွက်သွားတယ် မကြာဘူး ဧရာဝတီ ဒုတိယမြစ်ကျဉ်းနားက သင်္ဘောအင်းမှာ တစ်ခေါက်ပစ်ခံရတယ်။ နောက်တစ်ခေါက်က ဇင်းဘုံရွာနားမှာ ပြန်ပစ်ခံရတယ်။ အဲ့မှာ အပြန်အလှန်ပြန်တိုက်ကြတယ်လို့ သိရတယ်။ သင်္ဘောမှာပါတဲ့ စစ်သေားတွေက ထိခိုက်ဒဏ်ရာရတာက အတည်မပြုပေးနိုင်ဘူး။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရတာက သေချာတယ်” ဟု အမည်မဖော်လိုသူ ရွှေကူဒေသခံတစ်ဦးက ပြောသည်။

ယနေ့နံနက် ဒုတိယမြစ်ကျဉ်းတွင် ပစ်ခတ်ခံရသည့်သင်္ဘောမှာ မေလ ၆ ရက်နေ့က ရွှေကူမြို့ ကျောက်ကြီးတွင် KIA က ပစ်ခတ်ခဲ့သောကြောင့် ရွှေကူသင်္ဘောဆိပ်ကမ်းတွင် ၅ ရက်အကြာ ရပ်နားထားခဲ့ပြီး ယနေ့မနက်ပိုင်းမှ ပြန်လည်ထွက်ခွာသည့် င်္ဘောဖြစ်သည်ဟု သူကဆက်ဆိုသည်။

“အမှန်တော့ အဲ့ဒီသင်္ဘောကို ဘယ်သူမှမမောင်းရဲကြဘူးလို့ ပြောကြတယ်။ အဲ့မှာက စစ်တပ်ရဲ့ရိက္ခာတွေနဲ့ လက်နက်တွေပါတယ်တဲ့။ ရေလမ်းနဲ့ခက်တော့ ကုန်းလမ်းနဲ့သွားဖို့ ကားလိုက်ဌားကြတယ်လို့လည်း ကြားရတယ်။ ဘယ်သူမှလက်မခံဘူးတဲ့။ ရုတ်တရက်ပြန်ထွက်ဖို့လုပ်တဲ့အခါ သင်္ဘောသားတွေက ထွက်ပြေးသွားတယ်။ အဲ့ဒါကို အသည်းအသန်လိုက်ဖမ်းပြီး ပြန်ခေါ်သွားတယ်။ သူတို့က သင်္ဘောမောင်းတဲ့အခန်းတွေလည်း သဲအိတ်တွေနဲ့ကာထားပြီး ဒီမနက်ပြန်ထွက်တဲ့အခါမှာ ပြန်ပစ်ခံရတာဟုတ်တယ်” ဟု ဒေသခံတစ်ဦးက ဆက်ဆိုသည်။

အဆိုပါသင်္ဘောတွင် ဆန်အိတ် ၁၀၀၀ ခန့်နှင့် အခြားစားသောက်ကုန်များပါရှိသည့်အပြင် စစ်တပ်အသုံးဆောင်ပစ္စည်းများနှင့် လက်နက်ကြီးများပါရှိသည်ဟု ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

လက်ရှိ အဆိုပါသင်္ဘောမှာ နေရာ ၂ ခုတွင် ပစ်ခတ်ခံရသည့်အတွက် ရှေ့မထွက်နိုင်ဘဲ ရွှေကူမြို့နယ်အတွင်းရှိ စင်းခန်းကျေးရွာတွင် ရပ်နားထားဆဲဖြစ်ကြောင်း သိရသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...