စည်ပင်သာယာ သုံးရေ ပိုက်လိုင်း စီမံကိန်း မိုင်းတုံ လယ်မြေ ဧက ၁၀၀ ကျော် ပျက်စီး ဖွယ်ရှိ

စည်ပင်သာယာ သုံးရေ ပိုက်လိုင်း စီမံကိန်း မိုင်းတုံ လယ်မြေ ဧက ၁၀၀ ကျော် ပျက်စီး ဖွယ်ရှိ
by -
သျှမ်းသံတော်ဆင့်
နိုင်ငံတော်မှ ချပေးသည့် ဘတ်ဂျတ်ငွေ ကျပ်သိန်းပေါင်း ၁၆၀၀ ကျော်ကို အသုံးပြု၍ မြို့နယ်စည်ပင်မှ သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့ ဒေသခံများအတွက် သုံးရေ ပိုက်လိုင်း သွယ်တန်းပေးမည့် အစီအစဉ်သည် လယ်မြေဧက ၁၅၀ ကျော်အား ဖြတ် သန်းဖေါက်လုပ်မည် ဖြစ်သည့်အတွက် ဒေသခံများ လက်မခံဟု သိရသည်။

၂၀၁၅ ဇွန်လ ၅ ရက်နေ့ နံနက် ၈ မှ ၁၀ နာရီအထိ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ စည်ပင်သာယာရေး အထောက် အကူပြုအဖွဲ့ ဒုဥက္ကဌ ဦးဝင်းနိုင်ဦးမှ မိုင်းတုံမြို့သူမြို့သားများ သုံးစွဲရေ စီမံကိန်းအတွက် မိုင်းတုံမြို့အဝင် နားနျု ဒေသ ဘက်မှ ပိုက်လိုင်းသွယ်တန်းပေးမည့် အစီအစဉ်မှ  ပိုက်လိုင်းလမ်းကြောင်းဖြတ်သန်းမည့် လယ်မြေ ပိုင်ရှင် ၃၀ ကျော်အား စည်ပင်ရုံး၌ ခေါ်ယူရှင်းပြသည်။

“အစိုးရက စီမံကိန်းအတွက် ကျပ်သိန်းပေါင်း ၁၆၀၀ ချပေးတယ်လို့ ကြားသိရတယ်။ အဲဒီငွေတွေကို သုံးစွဲရေ ပိုက်လိုင်း သွယ်တန်းပေးမယ်တဲ့။ ကျနော်တို့ မိုင်းတုံသားတွေ ဒီပိုက်လိုင်းမှ မလိုတာ။ အိမ်တိုင်းရေတွင်းရှိတယ်။ ကျနော်တို့က အလိုမရှိဘူးလို့ တင်ပြတယ်။ လယ်ပဲ အလကားပျက်စီးမှာလေ၊ လိုအပ်တဲ့နေရာမှာ သုံးပေးပေါ့။ လမ်းကောင်းကောင်း တံတား ကောင်းကောင်း ဆေးရုံကောင်းကောင်း လုပ်ပေးပေါ့” ဟု တောင်သူဦးကြီး တစ်ဦးက ပြောသည်။

003 MT pipe 1

အလားတူ မိုင်းတုံဒေသခံ အိုက်နကလည်း “ဝမ်နားလယ်ကွင်း ဝမ်နားရွာမြောက်ဘက် နားနျု ဆည်ကနေ နောင်ပါရင်ရပ်ကွက် မြို့မရပ်ကွက် ဝမ်မိုင်ရပ်ကွက်အတွက် ရေဝေပေးဖို့ပြောတယ်။ တကယ်တော့ အဲဒီရပ်ကွက်က အိမ် တိုင်းရေတွင်းရှိ တယ်။ ရေလိုတာက ဖါချယ်ရွာ/ဟောင်လီ ရွာတွေ ရေလုံးဝ အခက်အခဲဖြစ်နေတာ သူတို့မလုပ်ပေးဘူး။ စည်ပင်အထောက်အကူပြု ဒုဥက္ကဌ ဦးဝင်းနိုင်ဦး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းမတ် မြို့နယ် အထောက်အကူပြု ဦးစိုင်းထွန်းကျော်တို့က လယ်သမားတွေ သဘောမတူပဲ  လယ်တူးပြီး ဇွတ်လုပ်နေပါတယ်” ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

ရေပေးဝေမှု မလုပ်သေးခင်ကတည်းကပင်    နားနျုရေချောင်းသည် လယ်ရေသွင်းချိန် နှစ်စဉ်နှစ်တိုင်း ရေမလောက်ဖြစ်နေ ရပြီဖြစ်ကြောင်း  စိုင်းနက ဆိုပါသည်။

ဦးဝင်းနိုင်ဦးမှ ပိုက်လိုင်းအစီအစဉ်အတွက်သာ ဦးစားပေး ပြောဆိုကြောင်း၊ လူထုဆန္ဒအား လုံးဝ မေးမြန်းခြင်း မရှိကြောင်း၊ ဒေသခံများကလည်းပြောသည်။

ဦးဝင်းနိုင်ဦးအား သျှမ်းသံတော်ဆင့်မှ ကြိုးစားဆက်သွယ်သော်လည်း မရပေ။

“လူထု ကောင်းစားရေးအတွက် ကျနော်တို့ လုပ်တာပါ။ ဘာရည်ရွယ်ချက်မှ မရှိဘူး။ အိမ်တိုင်းကို ရေပိုက်လိုင်းရောက်ရင် အားလုံးပြည့်စုံသွားမယ်။ လိုတာလုပ်လို့ရတာပေါ့” ဟု အမည်မဖေါ် လိုသည့် စည်ပင် အသိုင်းအဝိုင်းက ပြောသည်။

အဆိုပါပိုက်လိုင်းအား သွယ်တန်းမည်ဆိုပါက မိုင်းတုံလူထုအတွက် ဆန်ထုတ်ပေးနေသည့် လယ်ယာမြေ ဧက ၁၅၀ ကျော် ပျက်စီးသွားဖွယ်ရှိသောကြောင့် အလိုမရှိကြောင်း၊ လက်ရှိသည် ထွန်ယက်စိုက်ပျိုးရေးလုပ်ငန်း စတင်ချိန် ပိုက်လိုင်းသွယ်တန်းရေး အကောင်အထည်ဖော် လုပ်ဆောင်မည်ဆိုပါက ပြဿနာပိုမိုကြီးထွားလာနိုင်သဖြင့် ဆက်လက် ကန့်ကွက် သွားမည်ဖြစ်ကြောင်း လယ်သမားများက ပြောသည်။

ပြီးခဲ့သည့် သုံးလေးနှစ်ခန့်ကလည်း မိုင်းဆတ်မှ မိုင်းတုံမြို့အဝင် ထုံးဖိုဘက်မှ သုံးရေပိုက်လိုင်း သွယ်တန်းရေးအစီအစဉ် စလုပ်ခဲ့ဖူးသည်။ သို့သော်အောင်မြင်ပြီးပြတ်အောင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။  ယခုလည်း မိုင်းတုံအဝင် နားနျုဘက်မှ ပိုက်သွယ်တန်းရေး ပြန်လည်စတင်ဖို့ ထပ်မံလုပ်ဆောင်နေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

April 3, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ...
April 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်တောင်းကျေးရွာအပါဝင် ညောင်ပင်ကျေးရွာအနီးနားရှိ...
April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...
March 31, 2026
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့်...