ကချင်ပြည်နယ်၊ ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်ထဲမှာ ဆယ်စုနှစ်တစ်ခုအကြာအထိ ရောင်းဝယ်ရေးအားကောင်းခဲ့တဲ့ ပယင်းစျေးကွက်ဟာ လက်ရှိမှာဝယ်ယူသူမရှိသလောက်နည်းပါးသွားတဲ့အပြင် စျေးကွက်ပါ ပျောက်လုနီးပါးဖြစ်လာတယ်လို့ သိရပါတယ်။
ပယင်းအဓိကထွက်ရှိတဲ့ တနိုင်းဒေသ လပူခမှော်(La Pu Maw)၊ အွယ်လော(Awi Law) ရေလောင်ကန်(Hka Lawng Kawng) စတဲ့မှော်ဒေသတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ နှစ်ကုန်ပိုင်းမှာ တိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက် မှော်ထဲကိုဝင်တဲ့လမ်းပိုင်းတွေကို ယခုအချိန်အထိ ဝင်ခွင့်မရဘဲ ပိတ်ဆို့ထားတာ ၃ လကျော်ခန့်ကြာမြင့်လာပြီဖြစ်တယ်လို့ ပယင်းလုပ်ကိုင်သူတွေပြောပါတယ်။
တိုက်ပွဲကြောင့် ပယင်းလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်လို့မရတော့ဘဲ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ လုပ်ငန်းရှင်တွေဟာ အရှုံးပေါ်ပြီး မှော်ဒေသအတွင်းကနေ ထွက်ခွာသွားကြတာများတယ်လို့ ပယင်းလုပ်ငန်း လုပ်ကိုင်သူ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“ပယင်းမှော်စရောက်တုန်းက ကျင်းပေါင်း ၁၅၀၀ လောက်ရှိတယ်။ လူတွေကလည်း ကြိတ်ကြိတ်တိုးစည်ကားတဲ့အချိန်လည်းဖြစ်သေးတယ်။ အခုနောက်ပိုင်းလုပ်ရင်း လုပ်ရင်းနဲ့ ၂၀၂၅၊ ၁၂ လပိုင်းမှာ ပယင်းတူးတဲ့ ကျင်းပေါင်း ၁၂၀ လောက်ပဲကျန်တော့တယ်”လို့ပြောပါတယ်။
တနိုင်းမြို့နယ်မှာ ပယင်းမှော်ဒေသဆိုပြီး လွန်ခဲ့သော ၂၀၁၃ ဝန်းကျင်လောက်ကနေ စတင်ခေတ်စားလာခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသအသီးသီးက လူဦးရေ သိန်းနဲ့ချီ လာရောက်လုပ်ကိုင်ကြတဲ့ မှော်ဒေသတစ်ခုဖြစ်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်ခဲ့ရာမှာ ပယင်းမှော်ဒေသရဲ့ အဓိကအချက်အချာကျတဲ့ လပူမှော်၊ အွယ်လောနဲ့ ရေလောင်ကန်စတဲ့ တောင်ကုန်းနေရာတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲကြောင့် မှော်တွင်းနေထိုင်လုပ်ကိုင်ကြတဲ့ လုပ်ငန်းရှင်တစ်ချို့ဟာ ပယင်းလုပ်ငန်းတွေ ဆက်ပြီးလုပ်ကိုင်ဖို့ ခက်ယဉ်းလာတဲ့အတွက် မှော်ဒေသတွင်းကနေ တဖြည်းဖြည်းစွန့်ခွာသွားကြတဲ့အခြေနေရှိလာခဲ့ပါတယ်။
သို့ပေမယ့် KIA သိမ်းပိုက်လိုက်တဲ့နောက် ၂၀၂၄ – ၂၀၂၅ ခုနှစ် တစ်နှစ်ဝန်းကျင်အထိ ပယင်းလုပ်ငန်းကို ဆက်ပြီးလည်ပတ်နေတဲ့ အခြေနေရှိလာပေမယ့် နိုင်ငံရေးမတည်ငြိမ်းတွေမှုကြောင့် ပယင်းဝယ်ယူတဲ့ ကုန်သည်တွေနည်းပါးလာတာကြောင့် ဝယ်လိုအားကျဆင်းသွားတယ်လို့သိရပါတယ်။
အဲ့ဒီနောက်၂၀၂၅ ခုနှစ်၊ နှစ်ကုန်းပိုင်းလောက်ကနေ ပယင်းမှော်ဒေသတစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA အဓိက ထိန်းချုပ်အထိုင်ချထားတဲ့ အွယ်လော၊ ရေလောင်ကန် စတဲ့နေရာတွေကို စစ်တပ်က တဖန် တန်ပြန်ထိုးစစ်ဆင်ပြီး လေကြောင်းအပါ မြေပြင်စစ်ကြောင်းနဲ့ တိုက်ပွဲပြန်လည်ဖော်ဆောင်ခဲ့ပါတယ်။
KIA တပ်ချနေထိုင်တဲ့ အွယ်လောနဲ့ ရေလောင်ကန် စခန်းနေရာတွေကို စစ်တပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် ပြန်ပြီးလက်လွတ်လိုက်ရပါတယ်။

အဲ့ဒီနောက် ၂၀၂၆ နှစ်ဆန်းပိုင်း မတ်လအထိ ၊ ၃ လကျော်ခန့်အကြာ နှစ်ဖက်တပ်စစ်ရေးနှစ်ဖက်တပ် စစ်ရေးတင်းမာမှုဆက်ရှိနေပြီး ပယင်းမှော်ထဲကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို KIA ဘက်ပိတ်ဆို့ထားတာ ဒီကနေ့အထိဖြစ်ပါတယ်။
အခုလို၂၀၂၅ နှစ်ကုန်ပိုင်းမှာ တိုက်ပွဲတစ်ဖန်ပြန်ဖြစ်လာတာကြောင့် ပယင်းလုပ်ကိုင်တဲ့ လုပ်ငန်းရှင်အများပိုင်းက မှော်ဒေသကို ဆက်ပြီးစွန့်ခွာသွားကြပြီး ပယင်းတူးဖော်ရေးလုပ်ငန်းတွေကို ရပ်တန့်လိုက်ရသလို တစ်ချို့လုပ်ငန်းရှင်တွေက ရွှေလုပ်ငန်းဘက်ကို ပိုးပြီး ဦးစားပေးလုပ်ကိုင်လာကြတယ်လို့ ပယင်းလုပ်ကိုင်သူတွေပြောပါတယ်။
“ပယင်းမှော်က အခြေအနေမကောင်းတော့ ရွှေမှော်တွေပြောင်းကုန်ပြီ။ ပြောရရင်ပယင်းမှော်က ခြေချလို့တောင်မရဘူးဖြစ်နေတယ်။ နောက်ပြီးပယင်းစျေးကွက်က တရုတ်ရဲ့ဝယ်လိုအားကလည်း အရင်ခေတ်နဲ့ အခုခေတ်အခြေနေက လုံးဝနှိုင်းယှဉ်လို့တောင်မရတော့ဘူး။ အဲ့ကြောင့် စျေးကွက်ပျက် ဝယ်လက်ကနည်း”လို့အထက်ပါပြောဆိုတဲ့ ပယင်းလုပ်ငန်း လုပ်ကိုင်သူအမျိုးသားက ဆက်ဆိုပါတယ်။
ယခင်ကတည်းက ပယင်းမှော်ထဲမှာ အခြေချနေထိုင်လာတဲ့ ပယင်းလုပ်ငန်းရှင်တွေဟာ လုပ်ငန်းရှင် ၁၀ ဦးရှိတဲ့ထဲကနေ တစ်ဦးလောက်သာကျန်ရှိတော့တယ်လို့ ပယင်းလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
ပယင်းစျေးကွက်ဟာ လွန်ခဲ့သော ၂၀၁၃ – ၁၄ ဝန်းကျင်လောက်မှာ ရောင်းဝယ်ရေးအရှိုန်အဟုန်အားကောင်းခဲ့တာဖြစ်ပြီး လက်ရှိအခြေအနေနဲ့ နှိုင်းယှဉ်လို့မရအောင် အများကြီးကွာဟသွားတယ်လို့ ဆက်ပြီးရှင်းပြပါတယ်။
“တရုတ်ပြည်မှာလည်း စီးပွားရေးကျသွားလို့လားတော့မသိဘူး။ လွန်ခဲ့တဲ့ ၂၀၁၃ ဝန်းကျင်လောက်မှာ ပယင်းရောင်းဝယ်ရေးဘယ်လောက်အားကောင်းခဲ့လဲဆိုရင် တရုတ်ပြည်ထဲ ပယင်းကုန်သည်တစ်ယောက်ဝင်သွားပြီဆိုရင် အယောက် ၄၀၊ ၅၀ လောက်အုံပြီး လာဝယ်ကြတယ်။ ညအိမ်စရာတောင်မလိုဘူး အခုရောင်းအခုကုန်ပဲ”လို့ဆက်ဆိုပါတယ်။
လက်ရှိ ပယင်းစျေးကွက်နဲ့ တိုင်းတာလို့မရအောင် ကွာခြားသွားတဲ့အခြေနေမှာ တရုတ်ပြည်ထင်ချုံးမြို့ထဲက ယခင် ပယင်းရောင်းဝယ်ရေးစည်ကားခဲ့တဲ့ ဆိုင်းခန်းနေရာတွေလည်း ပိတ်သွားပြီး အထဲကိုပြန်ဝင်သွားကြတာများတယ်သိရပါတယ်။
ပယင်းစျေးကွက်ကို အဓိကဝယ်ယူနေတဲ့ တရုတ်နိုင်ငံထဲမှာတင် ဝယ်ယူတဲ့ကုန်သည်တွေ မရှိသလောက်နည်းပါးသွားပြီး ပြည်တွင်းထဲမှာလည်း ပယင်းစျေးကွက်တွေ တဖြည်းဖြည်းကျဆင်းသွားတာဖြစ်တယ်လို့ ပယင်းလုပ်ကိုင်သူတွေပြောပါတယ်။
ဒါ့အပြင် ပယင်းစျေးကွက်ဟာ ပြီးခဲ့တဲ့ ၂၀၁၈–၁၉ နိုင်ငံရေးကောင်းမွန်နေသေးတဲ့အချိန်ကတည်းကပင် ပယင်းဝယ်ယူတဲ့ကုန်သည်တွေလျော့ပါးလာပြီး စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် တိုက်ပွဲတွေကြောင့် ပယင်းစျေးကွက်ပိုပြီး ဆိုးရွာသွားတာဖြစတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ ၂၀၂၁ အာဏာမှုအတိုင်ခင် ၂၀၁၇ ခုနှစ်မှာ ဟူးကောင့်ချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၂)၊ တပ်ရင်း (၁၄) နယ်မြေတစ်လျှောက်ကို နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ KIA ထိန်းချုပ်နေရာတွေကို ရှင်းလင်းဆောင်ရွက်ခဲ့ပါသေးတယ်။
တနိုင်းဒေသထဲက တနိုင်းလီဒိုလမ်းပေါ် ရှဒူးဇွပ်ဒေသအနီးတဝိုက်ရှိ ကနွယ်သူ၊ ချောင်းဆုံ၊ အောင်လန့်၊ နမ်ဗျူ၊ နမ့်ခမ့် စတဲ့ရွှေမှော်ဒေသတွေအပါ တနိုင်းမြို့နယ်ထဲက လက်ရှိ ပယင်းမှော်ဒေသတွေကိုပါ စစ်တပ်က ပြန်ပြီးထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ထဲကနေ စတင်ပြီး ဟူးကောင့်ချိုင့်ဝှမ်းဒေသတစ်လျှောက် ရွှေမှော်၊ ပယင်မှော်ဒေသအသီးသီးကို စစ်တပ်က အမြန်ထွက်ခွာကြဖို့ စစ်လေယာဉ်ကနေတဆင့် သတိပေးစားတွေ စွန့်ကြဲပြီးနောက် မှော်ပြည်သူတွေ ထောင်သောင်းချီ အစုလိုက်အပြုံလိုက်ထွက်ခွာသွားကြတာလည်းရှိခဲ့ပါတယ်။
၂၀၁၇ ဝန်းကျင်အထိ ပယင်းထုတ်ယူမှုအားကောင်းနေချိန် စစ်တပ်ဟာ ဟူးကောင့်ချိုင့်ဝှမ်းဒေသထဲ ပယင်းမှော်၊ ရွှေမှော်ဒေသတွေ ယန္တရားရပ်တန့်သွားတဲ့အထိ စစ်ရေးဖော်ဆောင်ခဲ့ပါတယ်။
အဲ့ဒီနောက် ၂၀၁၈ ဝန်းကျင်းလောက်ကနေ ပယင်းစျေးကွက် တဖြည်းဖြည်းကျဆင်းသွားလာတာဟာ အခုဆိုရင် ၈ နှစ်ခန့်ကြာမြင့်လာပြီလို့ ဆိုနိုင်ပါတယ်။
ပယင်းစျေးကွက်ပျက်စီးသွားတဲ့အခြေအနေမှာ ကုန်ကြမ်းရရှိထားသူတွေက အကြမ်းထည်ကနေ အချောထည်လုပ်ပြီး စျေးကွက်ထဲပြန်ပြီးရောင်းချကြရတယ်လို့ ပယင်းကုန်သည်တွေပြောပါတယ်။
လက်ရှိ ပယင်းကုန်ကြမ်းတွေကို ဝယ်ယူပြီး အချောထည်ခတ်ယူပြီး ပြန်လည်ရောင်းနေရတဲ့ ပယင်းစျေးကွက်နဲ့ ပတ်သက်ပြီး တရုတ်ပြည် ထင်ချုံးမြို့အထိ သွားရောင်းနေတဲ့ ပယင်းကုန်သည်အမျိုးသမီးတစ်ဦးက အခုလိုပြောပြလာပါတယ်။
“ပယင်းကုန်သည်တွေက အခြေအနေမကောင်းဘူး။ အခြေအနေမကောင်းလို့ မိုးကုတ်အဖွဲ့ဆိုရင်လည်း မိုးကုတ်ပြန်သွားကြတယ်။ ကျင်းတွေနဲ့ လုပ်ရတယ်ဆိုတော့ တစ်ချို့က လုပ်ငန်းပြောင်းသွားကြတာများတယ်။ ပိုဆိုးတာက တနိုင်းမှာမှော်မဖွင့်ဘူး။ ပြီးရင်ပစ္စည်းတွေမရှိဘူး ရှိတဲ့ပစ္စည်းတွေလည်း စျေးအရမ်းများတယ်။ အရင်းအနှီးအရမ်းများအလုပ်ပြောင်းသွားကြတယ်”လို့ပြောပါတယ်။
ပယင်းကုန်သည်တွေဟာ ပယင်းစျေးနှုန်းကျဆင်းသွားတဲ့အခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန် တစ်ဖက်မှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် တစ်နေရာနဲ့ တစ်နေရာသွားလာဖို့ ကုန်ကျစရိတ်များပြီး ဆက်မလုပ်နိုင်တော့ဘဲ ရပ်နားလိုက်တဲ့ ပယင်းကုန်သည်တွေလည်း များသွားတယ်လို့ဆိုပါတယ်။
ပယင်းစျေးကွက်ပျက်စီးလာတဲ့ထဲမှာ နောက်တစ်ချက်က ပယင်းလုပ်ကိုင်သူတွေဟာ အရင်ချိန်လို မှော်ထဲကို ဝင်ရောက်လုပ်ကိုင်ဖို့ ခက်ခဲသွားတဲ့အတွက်လည်း အရည်အသွေးပြည့်မှီတဲ့ ကုန်ကြမ်းတွေရရှိဖို့ ခက်ခဲသွားပြီး ပယင်းကုန်သည်တွေက နှစ်ကြာရှည်ဝယ်ယူစုဆောင်းထားတဲ့ ကုန်ကြမ်းတွေကို အချောထည်ခတ်ပြီး ပြန်ပြီးရောင်းချပေးနေရတဲ့အခြေအနေလောက်သာရှိနေတယ်လို့ သိရပါတယ်။
ပယင်းကို ပြည်တွင်းသာမက ပြည်ပနိုင်ငံတွေကပါ ကြိုက်နှစ်သက်ကြတဲ့တွင်းထွက် တစ်မျိုးဖြစ်ပြီး ကုန်ကြမ်းတွေကို အမှီအခိုပြုကာ ကုန်ကြမ်းကနေ အချောထည်လုပ်ပြီးတော့ရောင်းချကြရပါတယ်။
နောက်ပြီး ပယင်းကျောက်ဟာ ကျောက်စိမ်းနဲ့မတူဘဲ ကြက်သွေး၊ ကျောက်ဝါ၊ ပျားရည်ရောင်ဆိုပြီး အရောင်စုံခွဲခြားထားကာ အက်ကွဲကြောင်းပါ၊ မပါ အရေးအသွေးပေါ်မူတည်ပြီး စျေးနှုန်းအလိုက်ကွာဟာမှုရှိကြပါတယ်။
ပယင်းကုန်သည်တွေရဲ့ ပြောဆိုချက်အရ ပယင်းကျောက်ဟာ အရည်အသွေးအလိုက် မြန်မာကျပ်ငွေထောင်ဂဏန်း ကနေ သိန်းရာနဲ့ချီပေါက်စျေးရှိတယ်လို့သိရပါတယ်။
အဓိကအားဖြင့် ကျန်းမာရေးအတွက်ဆိုပြီး ပုံစံအမျိုးမျိုးပုံဖော်ကာ လက်ဝတ်ရတနာအဖြစ် ဆင်မြန်းကြပါတယ်။
ယခုနောက်ပိုင်းမှာ ပယင်းကျောက်ဖြင့် ထိုင်ခုံ၊ စားပွဲ၊ ခွက်၊ ခေါင်းအုံးဖုံး စသဖြင့် အသုံးဆောင်ပစ္စည်းတွေကို ပုံဖော်ထုဆစ်ပြီး စျေးကွက်ထဲမှာ ပြန်လည်ရောင်းချကြတာလည်းတွေ့မြင်ရပါတယ်။
ဒါပေမယ့် ပယင်းစျေးကွက်ပျောက်ဆုံးလာတဲ့ နောက်ပိုင်း ပန်တိမ်ဆိုင်တွေမှာလည်း ပယင်းအပ်ထည်ဖြင့် လာရောက်အပ်တဲ့သူတွေ မရှိသလောက်နည်းပါးသွားပြီလို့ နောက်ထပ် ပန်တိမ်လုပ်ငန် လုပ်ကိုင်သူတစ်ဦးက အခုလိုဆက်ပြောပါတယ်။
“အခုနောက်ပိုင်း ပယင်းထက် ကျောက်စိမ်းတွေပဲပြန်လုပ်နေတယ်။ ကျနော်တို့က အချောထည်လုပ်တဲ့သူတွေဆိုတော့ ပယင်းနဲ့ လာအပ်တာမရှိသလောက်နည်းသွားပြီ။ တစ်ချို့အနည်းအကျဉ်းလောက်တော့ရှိတယ်။ ဟိုအရင်ကလို အပ်ထည်တွေကြပ်တဲ့အထိတော့မရှိတော့ဘူး။ ကုန်ကြမ်းလည်းရဖို့ခက်လာတယ်ဆိုတော့ ရှိတဲ့အချောထည်တွေကစျေးပြန်ကြီးလာ။ စျေးကြီးတော့ အရောင်းထိုင်းလာပြန်”လို့ပြောပါတယ်။
ပယင်းကုန်ကြမ်းတွေရရှိဖို့အတွက် ခက်ခဲလာတဲ့နောက် ဝက်ဝယ်ရရှိထားတဲ့ ကုန်းကြမ်တွေကလည်း အရောင်းအဝယ်မဖြစ်တော့တဲ့ အခြေအနေတွေကြောင့် ပယင်းလုပ်ငန်း လုပ်ကိုင်သူတွေအတွက် ဆက်ပြီး ရပ်တည်လာနိုင်ဖို့ ခက်ခဲလာကြတာလည်းဖြစ်ပါတယ်။
ဒါကြောင့်လည်း ပယင်းစျေးကွက်တွေ ယခင်ကလို ပြန်လည်ကောင်းမွန်လာဖို့အတွက် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ ဆက်စပ်မှုရှိနေပြီး ပယင်းတူးဖော်ခွင့်တွေပြန်လည်ရရှိမှသာ ပယင်းစျေးကွက်တစ်ဖြည်းဖြည်း ဦးမော့လာနိုင်တယ်လို့ အထက်ပါအမျိုးသားက ဆက်ပြီးသုံးသပ်ထားပါတယ်။
၂၀၂၅ နှစ်ကုန်ပိုင်မှာ ပယင်းမှော်ဒေသထဲ တိုက်ပွဲပြန်လည်ဖြစ်ပွားလာတာကြောင့် မှော်ပြည်သူအများအပြားက တနိုင်းမြို့ပေါ်မှာ ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပြီး ပြည်သူတွေရာနဲ့ချီသောင်တင်နေကြတာဖြစ်ပါတယ်။
ဖေဖော်ဝါရီလကုန်ပိုင်းအထိ တိုက်ပွဲတွေပြန်လည်ငြိမ်သက်သွားတာကြောင့် တနိုင်းမြို့ပေါ်မှာ လာရောက်တိမ်းရှောင်နေကြတဲ့ မှော်ပြည်သူတွေက မှော်ထဲကို ပြန်ဝင်ဖို့ကြိုးစားပေမယ့် လမ်းပိုင်းပိတ်ဆို့မှုတွေကြောင့် ဝင်ရောက်ခွင့်မရှိသေးတာဖြစ်ပါတယ်။
သုံးလခန့်ကြာမြင့်လာတဲ့အထိ လမ်းပိုင်းတွေပိတ်ထားဆဲဖြစ်တာကြောင့် တနိုင်းမြို့ပေါ်မှာ သောင်တင်နေကြတဲ့ မှော်ပြည်သူတစ်ချို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်းမှာပဲ မှောင်ခိုလမ်းတွေအသုံးပြုပြီးရရာ တောလမ်းတွေကနေ တဆင့်မှော်ထဲကို ပြန်ဝင်သွားကြတယ်လို့လည်း သိရပါတယ်။
ပိတ်ဆို့ထားတဲ့ လမ်းပိုင်းတွေကို ပြန်လည်ဖွင့်လှစ်ပြီး မှော်ထဲကို ဝင်ရောက်ခွင့်ပေးဖို့ စောင့်ဆိုင်းနေတဲ့ပြည်သူတွေဆက်ရှိနေသေးသလို တစ်ချို့က လုံခြုံရေးစိုးရိမ်ပြီး မှော်ထဲကို ပြန်မဝင်တော့ဘဲ လုပ်ငန်းပြောင်းသွားတဲ့ သူတွေလည်းများစွာရှိတယ်လို့ ဆက်သိရပါတယ်။
ဒါကြောင့် ပယင်းစျေးကွက်ဟာ ယခင်ကလိုပြန်လည်ကောင်းမွန်လာဖို့အတွက် အရည်အသွေးကောင်းမွန်တဲ့ ကုန်ကြမ်းတွေရရှိဖို့ လိုအပ်သလို ဝယ်ယူတဲ့ကုန်သည်တွေမရှိတော့တဲ့အတွက် ပယင်းလုပ်ငန်းကောင်းမွန်လာဖို့ အချိန်တစ်ခုစောင့်ဆိုင်းရအုံးမှာဖြစ်တယ်လို့ သုံးသပ်နေကြတာလည်းဖြစ်ပါတယ်။
ပယင်းထွက်ရှိတဲ့ ပယင်းမှော်ဒေသဟာ တနိုင်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA မဟာ(၂)နဲ့ တပ်ရင်း (၁၄) နယ်မြေထဲပါဝင်တာဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ထဲမှာ ထွက်ရှိတဲ့ ပယင်းကျောက်တွေကို စျေးကွက်ထဲမှာ မြင်တွေ့ရပုံ Photo - CJ
By – နော်ထွယ့်(ဟူးကောင့်)







