မြေသိမ်းမှုကို ကန့်ကွက်သည့် ဟိုပုံးဒေသခံ ၁၂ ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီး

မြေသိမ်းမှုကို ကန့်ကွက်သည့် ဟိုပုံးဒေသခံ ၁၂ ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်တောင်းကျေးရွာအပါဝင် ညောင်ပင်ကျေးရွာအနီးနားရှိ မြေများကို စစ်တပ်က သိမ်းယူထားပြီး အဆိုပါ မြေသိမ်းမှုကို ကန့်ကွက်သည့် ဒေသခံ ၁၂ ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် ပအိုဝ်းပြည်သူ့စစ်(PNO) လက်အောက်ခံ မြေပွဲစားများ၊ စစ်ကော်မရှင်တပ်သားနှင့် ၎င်း၏ လက်အောက်ခံ ရဲများ အပါဝင် ထွေအုပ်အရာရှိများက ဒေသခံ၏ နေအိမ်များကို ဘူဒိုဇာဖြင့် ဖျက်ဆီးရန် လာရောက်ခဲ့၍ ဒေသခံများက ကန့်ကွက်ခဲ့ကြသည်။

ထိုသို့ ကန့်ကွက်သူများကို စစ်ကော်မရှင်တပ်က ညောင်ပင်ရွာ သူကြီးအပါအဝင် ဒေသခံ (၁၂)ဦးကို မတ်လ (၃၀)ရက်နေ့ည သန်းခေါင်အချိန်တွင် နေအိမ်တံခါးများကို ဖျက်ဆီးကာ ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းရုံးက ယနေ့ ဧပြီလ (၁)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ဖမ်းဆီးခံရသူများသည် သက်ကြီးပိုင်းများဖြစ်ကြပြီး မတ်လ (၃၁)ရက် ညနေပိုင်းအထိ အစားအစာများ ကျွေးခြင်းမရှိဘဲ ချုပ်နှောင်ခံထားရကြောင်းနှင့် ဒေသခံအများစုသည်လည်း နေအိမ်တွင် မအိပ်ရဲကြတော့ဘဲ ရှောင်တိမ်းနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပြည်သူလုထုက ဒီမြေယာပေါ်မှာပဲ အသက်မွေးဝမ်းကျောင်း ပြုကြတယ်၊ သူတို့ရဲ့အနာဂတ်က ဒီမြေယာပေါ်မှာပဲရှိတယ်၊ ဒါက သူတို့ရဲ့ဘဝကို လက်နက်အားကိုးပြီး အနိုင်ကျင့်တာဘဲလို့ မြင်တယ်၊ ဒီအချိန်မှာလူထုတွေက ပိုစည်းလုံးဖို့တော့ လိုအပ်လိမ့်မယ်။နောက်ပြီး ကိုယ်မဲပေး ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို မေးခွန်းထုတ်ဖို့ လိုအပ်ပါတယ်။”ဟု PYO မှ ဒုဥက္ကဋ္ဌ ခွန်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုပုံးအပြင် ဆီဆိုင်နှင့် ပင်လောင်းဘက်တွင်လည်း အလားတူ မြေသိမ်းခံရမှုများလည်း ရှိသဖြင့် ပြည်သူများ စည်းလုံးကြဖို့နှင့် မြေသိမ်းခံရမှုများကို မှတ်တမ်းပြုစုကာ အဆိုပြု တိုက်တွန်း၍ တော်လှန်မှုများ ဆက်လုပ်သွားရန် တိုက်တွန်းကြောင်း အဆိုပါ ခွန်ဦးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် မတ်လ (၂၉)ရက်တွင်လည်း စစ်ကော်မရှင် တပ်သားများနှင့် ရဲများက နောင်တောင်း ကျေးရွာမှ နေအိမ်(၈၀)ကျော်ကို အင်အားသုံးဖယ်ရှားခိုင်းသောကြောင့် ဒေသခံများက ပြောင်းရွှေ့ခဲ့ရကြောင်း ဟိုပုံးဒေသခံ အမျိုးသားက ပြောသည်။

“အဲနေ့တုန်းက သူတို့က အင်အားသုံးပြီး မရွှေ့မနေရပြောတော့ ရွာခံ တွေနဲ့ ပြဿနာတွေဖြစ်ကြတယ်၊ အဲနောက်ပိုင်း နေအိမ်(၈၀)က ပြောင်းပေးလိုက်ရတယ်၊ ပြည်သူတွေက ဒီမြေရဖို့ အလုပ် ကြိုးစားခဲ့ရတာ မြေရပြီးတော့လည်း မြေပွဲစားတွေက တာဝန်ယူမှု ဘာမှမရှိဘူး၊ မြေပွဲစားတွေကပါ လက်နက်ကိုင်တွေနဲ့ ပေါင်းပြီး ဒေသခံတွေကို မောင်းထုတ်တော့ ဒေသခံ‌တွေက အားကိုးစရာမရှိ ဒုက္ခရောက်နေကြတယ်။”ဟု အဆိုပါ အမျိုးသားက ပြောသည်။

လွန်ခဲ့သည့် ၁၉၉၂ ခုနှစ်တွင် ဟိုပုံး-လွိုင်လင် လမ်းမကြီးမှ မြေဧက နှစ်သောင်းနီးပါးကို စစ်တပ်မှ သိမ်းဆည်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စစ်ကော်မရှင်မှ ပအိုဝ်းပြည်သူ့စစ် (PNO) မှတစ်ဆင့် ဒေသခံများထံသို့ လွှဲပြောင်းခဲ့သော်လည်း ပအိုဝ်းပြည်သူ့စစ် (PNO) က ဒေသခံများကို မပေးဘဲ ပွဲစားများနှင့် အကွက်ရိုက်ရောင်းချ မှုများ ရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အတွင်း ဟိုပုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးကွက်သစ် နှင့် နောင်တောင်းကျေးရွာရှိ နေအိမ် (၂၀၀)ကျော်ကို ဖယ်ရှားပေးရန် ဆင့်စာ(၃)ကြိမ်ကြိမ်တိုင်တိုင် ပေးပို့ခဲ့ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...