စက်သုံးဆီရှားပါး၍ ပရဟိတကားများ ဆီမထည့်နိုင်

စက်သုံးဆီရှားပါး၍ ပရဟိတကားများ ဆီမထည့်နိုင်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ အရေးပေါ်လူနာတင်ယာဉ်များသည် စက်သုံးဆီ အလွယ်တကူ မထည့်နိုင်တော့ဘဲ လူနာကိုလည်း ချက်ချင်းသွားရောက်မခေါ်နိုင်တော့ကြောင်း သတင်းရရှိသည်။

လက်ရှိ သျှမ်းပြည်အပါအဝင် မြန်မာတစ်နိုင်ငံလုံးနီးပါး ရင်ဆိုင်နေရသည့် စက်သုံးဆီပြတ်လပ်မှု ပြဿနာနှင့် ကုန်ဈေးနှုန်းမြင့်တက်လာမှု အပါအဝင် အဘက်ဘက်မှ ပိုမိုကြပ်တည်း ခက်ခဲလာသည့်အခြေအနေထိ ရောက်ရှိလာသည်။

ထိုသို့ စက်သုံးဆီပြတ်လပ်မှုနှင့် ဈေးမြင့်တက်လာမှုကြောင့် စက်သုံးဆီရရှိရန် နေ့စဉ် တန်းစီနေရသည့် ကား၊ ဆိုင်ကယ်များ စက်သုံးဆီဆိုင်ရှေ့တွင် အများအပြား ရှိလာသည်။

ထိုသို့ စက်သုံးဆီ တန်းစီရာတွင် အရေးပေါ်လူနာတင်ကားများလည်း စက်သုံဆီဖြည့်ရန် တန်းစီရသဖြင့် အရေးပေါ်လူနာများ အသက်ဆုံးရှုံးလုနီးပါး ပြဿနာများ ရင်ဆိုင်ခဲ့ရကြောင်း တောင်ကြီး နာရေးကူညီမှုအသင်း အဖွဲ့ဝင် တစ်ဦးက ပြောသည်။

“တစ်နေ့ တစ်နေ့ ဆီလာတန်းတဲ့ ယာဉ်တွေမှ အရမ်းများတယ်၊ ကျနော်တို့ ဆီတန်းစီနေချိန် အရေးပေါ်လူနာ ဖုန်းဆက်လာရင်လည်း ရှေ့တိုးမရ နောက်ဆုတ်မရတွေ ဖြစ်တယ်။ ဆီကလည်း ခွဲတမ်းနဲ့ ထည့်ရတော့ ပြဿနာရှိတာပေါ့။ ဖုန်းဆက်ခေါ်ရင်လည်း ချက်ချင်းထသွားလို့မရဘူး။ ဘယ်လောက်ပဲအရေးပေါ်လူနာဖြစ်ဖြစ် ဆီမရှိရင် သွားမကူနိုင်ဘူးလေ” ဟု ၎င်းနာရေးကူညီမှုအသင်း အဖွဲ့ဝင်ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ စက်သုံးဆီ ရှားပါးလာမှုကြောင့် အရေးပေါ်လူနာများကို ချက်ချင်း သွားရောက်မခေါ်နိုင်ခြင်း၊ ပရဟိတ ကားအများစုသည် လိုင်စင်မဲ့ကားများ ဖြစ်သဖြင့် စက်သုံးဆီဆိုင်တွင် အလွယ်တကူ မဝယ်ယူနိုင်ခြင်းနှင့် စုံ၊ မ ခွဲခြားပြီး စက်သုံးဆီ ထည့်ရခြင်းတို့ကြောင့် အရေးပေါ်လူနာများကို အချိန်မီ သွားရောက်မခေါ်နိုင်ကြကြောင်း ပရဟိတ ကားသမားများက ပြောသည်။

“ပရဟိတ ကားအများစုက လိုင်စင်မရှိကြဘူ။ ဒါကြောင့် ဆီဆိုင်မှာ ထည့်ဖို့ကလည်းခက်၊ နောက် စုံ မ ရက်ပဲ ထွက်ရ ထည့်ရတော့ ပြဿနာဖြစ်၊ လွယ်တော့မလွယ်ဘူး။ အရေးပေါ်လူနာကို အလွယ်တကူမခေါ်နိုင်တော့ သူတို့အသက်အန္တရာယ် ဖြစ်နိုင်တယ်” ဟု ၎င်းပရဟိတ ကားမောင်းသူတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ အောင်ပန်းမြို့မှ အရေးပေါ်ကားများသည်လည်း စက်သုံးဆီရရှိရေးအတွက် အများနည်းတူ တန်းစီစောင့်ဆိုင်းရသောကြောင့် လူနာများကို အချိန်မီ သွားရောက် မတင်ဆောင်နိုင်သောကြောင့် အဆင်မပြေ ဖြစ်နေရကြောင်း သိရသည်။

“အစိုးရဝန်ထမ်းတွေကို ဦးစားပေး ဆီဖြည့်သလိုမျိုး ကျနော်တို့ အရေးပေါ်ကားတွေကိုလည်း ဆီဖြည့်ပေးစေချင်တယ်။ တော်ကြာ ဆီတန်းနေရင်း လူနာဆုံးသွားတာတို့ဆို အဆင်မပြေဘူးလေ၊ ကျနော်တို့လည်း စိတ်မကောင်းဖြစ်ရတယ်။ အရင်လို အရေးပေါ်ကား ခေါ်တဲ့အချိန် အချိန်မီမရောက်နိုင်တော့ဘူး”ဟု အောင်ပန်းမြို့ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စက်သုံးဆီပြဿနာကြောင့် လူမှုအဖွဲ့အစည်းတွင်း စားဝတ်နေရေးသာမက စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အခြေအနေအထိ သက်ရောက်မှုရှိနေပြီး အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်။

ထို့ကြောင့် လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် မြန်မာနိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှုသာမက လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ ဆေးဝါးပစ္စည်းတို့ ပြတ်လပ်လာပြီး ကုန်စျေးနှုန်းများလည်း မြင့်တက်လာသည့်အတွက် လခစားဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်လာနိုင်ကြောင်း တောင်ကြီးဒေသခံများက ပြောသည်။

Most read this week

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...