ရခိုင်ဒေသအတွင်း မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းတို့ကို ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ သေဒဏ်အထိ ချမှတ်မည်ဖြစ်ကြောင်း အာရက္ခတပ်တော်၏ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ထုတ်ပြန်လိုက်သည်။
အဆိုပါ အမှုများနှင့် ပတ်သက်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က) အရ ဆေးဝါးကို ရောင်းချရန် လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်းတို့ကို မလုပ်ရကြောင်း ဆိုသည်။
အကယ်၍ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားလျှင် ထိုသူအား ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်မှ အများဆုံး နှစ်အကန့်အသတ်မရှိ ချမှတ်မည်ဖြစ်ကြောင်းဆိုသည်။
ထို့ပြင် ပုဒ်မ ၂၀ (က) အရ မူးယစ်ဆေးဝါး (သို့မဟုတ်) စိတ်ကိုပြောင်းလဲစေသောဆေးဝါးကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း စသည့်ပြစ်မှုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထောင်ဒဏ် အနည်းဆုံး ၁၅ နှစ်မှ အများဆုံးနှစ် အကန့်အသတ်မရှိ ထောင်ဒဏ်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည်ဟုလည်း ပြဋ္ဌာန်းထားသည်။
ယင်းကဲ့သို့ ဥပဒေများချမှတ်ပြဋ္ဌာန်းခြင်းအပေါ် ရခိုင်လူငယ်များအနေဖြင့် ထောက်ခံကြိုဆိုကြောင်း ပြောဆိုကြသည်။
“လက်ရှိ ရခိုင်ပြည်က တခြားပြည်နယ်၊ နိုင်ငံတွေက လူငယ်တွေနဲ့ယှဉ်ရင် အတွေးအခေါ်ပိုင်း၊ အသိအမြင်ပိုင်းနဲ့ တခြားတိုးတက်မှုပိုင်းတွေမှာ ဆယ်စုနှစ်တစ်ခုစာလောက် နောက်ကျနေသလိုတွေ့ရပါတယ်။ ဒီလိုမျိုး နောက်ကျရတဲ့ အကြောင်းအရင်းထဲမှာ ဒီမူးယစ်ဆေးဝါးတွေရဲ့ အကျိုးဆက်တွေကြောင့်လည်း ပါတာပေါ့။ ဒါကြောင့် ဖြန့်ချိနေတဲ့၊ ရောင်းချနေတဲ့လူတွေ ပပျောက်သွားဖို့ အခုလိုမျိုး ဥပဒေအရ ပြင်းထန်တဲ့သတ်မှတ်ပြဋ္ဌာန်းချက်တွေကို ကျမတို့ လူငယ်တွေအနေနဲ့တော့ ထောက်ခံအသိမှတ်ပြုပါတယ် ” ဟု မောင်တောဒေသခံ လူငယ်အမျိုးသမီးတစ်ဦးက ဆိုသည်။
ယခုကဲ့သို့ ဥပဒေချမှတ်မှုအပြင် အခြားသော ထိရောက်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအမံများကိုပါ ချမှတ်လုပ်ဆောင်သင့်ကြောင့် ပြောဆိုမှုများလည်း ရှိနေသည်။
“ဒီလို တရားဥပဒေတွေချမှတ်လိုက်တာက ကောင်းပါတယ်။ ဒီလို ဥပဒေတွေပြဋ္ဌာန်းတာတွေ၊ ပြောင်းလဲတာတွေကို အသိပညာပေးဖို့လည်း လိုပါတယ်။ နောက်တစ်ခုက မူးယစ်ဆေးဝါးကဏ္ဍကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပေးဖို့လိုပါတယ်။ လူငယ်တွေကို ပိုပြီး အသိပညာ ပေးဖို့လည်း လိုပါတယ်။ ဒီလိုထောင်ဒဏ်တွေအပြင် မူးယစ်ဆေးစွဲနေတဲ့သူတွေ၊ ဆေးဖြတ်တဲ့လူတွေအတွက် ဆေးဖြတ်တဲ့ စခန်းတွေလိုမျိုး နေရာတွေ၊ စိတ်ပိုင်းဆိုင်ရာ ကုထုံးပေးတာတွေ ကောင်းတဲ့နေရာတွေ ဖန်တီးပေးပြီး လူအသိုင်းအဝိုင်းမှာ ပြန်ဝင်ဆံ့စေဖို့ အစီအမံတွေ လုပ်ဆောင်ပေးဖို့လိုပါတယ် ” ဟု တောင်ကုတ် ဒေသခံတစ်ဦးက ဆိုသည်။
သို့ရာတွင် ဥပဒဒေပြဋ္ဌာန်းမှုများရှိသော်လည်း တစ်ဖက်တွင် မူးယစ်ဆေးဝါးများဖြန့်ဖြူးရောင်းချရာ၌ လာဘ်ပေး လာဘ်ယူမှုများအပြင် ULA ဝန်ထမ်းများပါ ပူးပေါင်းပါဝင်မှုများရှိကြောင်း ထောက်ပြပြောဆိုမှုများလည်း ရှိသည်။
“တချို့ ဖြန်ချိရောင်းချနေတဲ့ လူတွေထဲမှာ AA နဲ့ ပူးပေါင်းပြီး ပေါ်ပေါ်ထင်ထင်လုပ်နေကြတာကိုလည်း လက်ရှိ တွေ့မြင်နေရပါတယ်။ တရားဝင် ဥပဒေပြဋ္ဌာန်းလိုက်ပြီဆိုရင် မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ဘယ်သူပဲ ပါဝင်ပါစေ တရားခွင်မှာတော့ တရားမျှတမှု ရှိစေချင်ပါတယ်။ အဲလိုတွေ မရှိရလေအောင် ဥပဒေဘက်က ဘက်လိုက်မှုမရှိဘဲ တင်းတင်းကျပ်ကျပ် အရေးယူပေးသင့်တယ်လို့ ထင်ပါတယ် ” ဟု နောက်ထပ် မောင်တောဒေသခံ တစ်ဦးက ပြောသည်။
အာရက္ခတပ်တော်၏ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်ထုတ်ပြန်ချက်တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချ သူများထဲတွင် အာရက္ခတပ်တော် ရဲတပ်ဖွဲ့ DLEPS တပ်ဖွဲ့ဝင် ၇ ဦးအပါအဝင် ရောင်းချသူ ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်းတွေ့ရသည်။
ထို့ပြင် ပြီးခဲ့သည့် မတ်လ ၁၅ ရက်ကလည်း မင်းပြားမြို့နယ် KTV တစ်ခုတွင် မူးယစ်ဆေးဝါး လက်ဝယ်ထားပြီး သုံးစွဲရောင်းချနေသူတစ်ဦးကို ဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း DLEPS ဌာနက ထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ပြည်သူလူထုများအနေဖြင့် အချိန်နှင့်တပြေးညီ သတင်းပေးပို့ခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ မူးယစ်ဆေးဝါး စိုက်ပျိုး/သုံးစွဲမှုများကို ဝိုင်းဝန်းတားဆီးခြင်းနှင့် မူးယစ်ဆေးဝါး အန္တရာယ်မှ လူငယ်များအား ကာကွယ်ခြင်းတို့ကို အမျိုးသားရေးတာဝန်တရပ်အဖြစ် ပူးပေါင်းဆောင်ရွက်ကြရန် ULA အစိုးရ၏ DLEPS ဌာနက တိုက်တွန်းထားသည်။
ပုံစာ- မင်းပြားမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းချနေသည့် KTV အား DELPS တပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့စဉ်။ ဓာတ်ပုံ- အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့







