ကချင်တိုက်ပွဲအတွင်း အရပ်သား ၄ ဦးသေ၊ ၉ ဦး ဒဏ်ရာရ

ကချင်တိုက်ပွဲအတွင်း အရပ်သား ၄ ဦးသေ၊ ၉ ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ယမန်နေ့ (မေလ ၃ ရက်နေ့) တွင် ဘုန်းကြီးတစ်ပါး၊ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံပြည်သူ ၄ ဦး သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု ဒေသခံများက ပြောသည်။

မေလ ၃ ရက်နေ့ နံနက် ၈ နာရီကျော်တွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ မြို့သစ် ကုန်းလောကျေးရွာအနီးတစ်ဝှိုက်တွင် စစ်ကောင်စီနှင့် KIA တို့ကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း ဒေသခံများ ထိခိုက်ဒဏ်ရာရမှုများနှင့် သေဆုံးမှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

မိုးမောက်ဒေသခံတစ်ဦးက “ဟုတ်တယ်၊ ဒီမနက် ၁၀ နာရီကျော်လောက်မှာ ကုန်းလောရွာထဲကို လက်နက်ကြီးကျတာပါ။ မနက်ကတည်းက တိုက်ပွဲတွေဖြစ်နေတာပါ။ ကုန်းလောရွာ ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးကျတာ၊ အဲ့ဒါ ထိထားတာ ၉ ယောက်ထိထားတယ်။ အဲ့ဒါက ရွာထဲမှာ ဘုန်းကြီးကျောင်းထဲမှာ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းအောက်ထပ်မှာ ခိုလှုံနေတဲ့ ရွာသား ၉ ယောက်၊ ဘုန်းကြီးတစ်ပါး ထိခိုက်သွားတယ်။ အခုလောလောဆယ် ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ယောက်၊ အဘိုးကြီးတစ်ယောက်၊ ကလေးတစ်ယောက် ဆုံးသွားတယ်ပေါ့နော်” ဟုပြောသည်။

ကုန်းလောကျေးရွာအတွင်း လက်နက်ကြီးကျခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍လည်း “ဘာနဲ့ပစ်မှန်းတော့မသိဘူး လေယာဉ်ကပစ်တာလား ဘာလားမသိဘူး။ အားလုံးက တိုက်ပွဲဖြစ်နေတော့ ပုန်းနေကြတာ။ အဲ့ဒီလက်နက်ကြီးက ဘုန်းကြီးကျောင်းအဝမှာ အရှေ့မှာ ဝန်းထဲမှာ ကျတာပေါ့၊ အဲ့တော့ ဘုန်းကြီးကျောင်းအောက်ထပ်မှာ ခိုလှုံနေကြတဲ့လူတွေပေါ့ ဘုန်းကြီးတစ်ပါးအပါအဝင်ပေါ့ အဲ့ဒါထိသွားတာ။ ဘုန်းကြီးက ပျံလွန်တော်မူသွားပြီ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် ကုန်းလောကျေးရွာထဲအထိ ပစ်ခတ်မှုများ၊ လက်နက်ကြီးကျည်၊ လက်နက်ငယ်များ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံရွာသားများမှာ ကတုတ်ကျင်းများနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် ပုန်းနေကြရာ လက်နက်ကြီးတစ်လုံး ကုန်းလောကျေးရွာ ဘုန်းကြီးရှေ့တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ (မိုးမောက်) တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ လောလောဆယ် တပ်ဆေးရုံကနေ အလောင်းနှစ်လောင်းနဲ့ ဘုန်းကြီးရဲ့အလောင်းကိုတော့ ထုတ်ခဲ့ပြီ။ အခု သုဿန်ကိုသွားနေပြီ။ တပ်ဆေးရုံမှာလာဆုံးတာ။ သယ်လာတုန်းကတော့ မဆုံးသေးဘူး။ လောလောဆယ် ဆုံးသွားတဲ့လူတွေရဲ့ အလောင်းတွေကိုတော့ ထုတ်နေပြီ။ ဒဏ်ရာရတဲ့လူနာတွေကိုတော့ ဗန်းမော်တပ်ဆေးရုံမှာ ဆေးကုပေးနေတယ်” ဟု ပြောသည်။

ကုန်းလောကျေးရွာထဲတွင် ပစ်ခတ်မှုများရှိနေသည်ကြားက ထိခိုက်ဒဏ်ရာရရှိသူများကို ခေါ်ထုတ်ခဲ့ရခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

“မိုးမောက်ကနေ ဗန်းမော်ကို ဆေးကုဖို့ ဘုန်းကြီးကျောင်းက ကားနဲ့ပဲ ပစ်ခတ်နေတဲ့ကြားကနေ ခေါ်ထုတ်ခဲ့ရတာလေ။ ရွာထဲကလူတွေကလည်း လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော အဆက်မပြတ် ရွာထဲကို ဆက်တိုက်ပစ်နေတော့ ဘယ်သူမှ အပြင်ထွက်လို့မရဘူး။ အဲ့ကြားနေပဲလူနာက အရမ်းစိုးရိမ်ရတော့ ဘုန်းကြီးကျောင်းကလူတွေနဲ့ပဲ ခေါ်ထုတ်ခဲ့ရတာ။ ခေါ်ထုတ်ခဲ့ပြီးမှ ကျနော်တို့ ဒီဘက်က နာရေးကားတွေနဲ့ပဲ ဆက်သွားလို့လည်းမရဘူး။ နောင်လိုက်ကနေပဲ စောင့်ကြိုပြီးမှ သယ်ခဲ့ရတာလေ။”

ယနေ့နံနက်ပိုင်း လေယာဉ်ပျက်ကျသည့်နေရာနှင့်လည်း မဝေးသလို ကုန်းလောကျေးရွာအတွင်းတွင်လည်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်နေသေးသည့်အတွက် ရွာသားများမှာ ပုန်းနေကြရဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ဧပြီလကတည်းက တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျှက်ရှိရာ ဧပြီလ လလယ်ခန့်ကစတင်၍ ဗန်းမော်၊ မိုးမောက်မြို့နယ်အတွင်း တပ်မတော်ဘက်က လူအင်အား၊ လက်နက်အင်အားနှင့် ရိက္ခာများ ဆက်တိုက်တိုးထားသည်ဟု KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...