မိုင်းခွဲတိုက်ခိုက်ခံရသော အာဏာသိမ်းစစ်တပ်က ပြည်သူများကို ပြန်လည်ပစ်ခတ်

မိုင်းခွဲတိုက်ခိုက်ခံရသော အာဏာသိမ်းစစ်တပ်က ပြည်သူများကို ပြန်လည်ပစ်ခတ်

မိုးကောင်းမြို့နယ် ဆန်ပါလီကျေးရွာတွင် အာဏာသိမ်းစစ်တပ်၏ သေနတ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ဦးခေါင်းတွင် သေနတ်ကျည်ထိမှန်ကာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသည့်အခြေအနေရှိနေကြောင်း သိရသည်။

ဧပြီလ ၈ ရက် ည ၇ နာရီခန့်က တနိုင်းမှ ဆင်းလာသော အာဏာသိမ်းစစ်တပ် စစ်ကားတစ်စီး ဆန်ပါလီကျေးရွာတွင် ရပ်ပြီး လမ်းမပေါ်ဖြတ်သွားသောကျေးရွာပြည်သူများကို စစ်ဆေးခဲ့ပြီးနောက် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။

“မနေ့ည တနိုင်းဘက်ကနေဆင်းခဲ့တဲ့ စစ်ကားတစ်စီးက ရပ်ပြီးတော့ သွားလာနေတဲ့သူတွေကို ရပ်ခိုင်းပြီး စစ်ဆေးတာတွေပြုလုပ်နေတယ်။ ရပ်ပေးတဲ့သူတွေကိုတော့ ဘာမှမလုပ်ဘူး။ ရှောင်ပြီး ထွက်ပြေးတဲ့ သူတွေကို သေနတ်နဲ့ပစ်တယ်။ အဲ့မှာ တစ်ယောက်ကို ဦးခေါင်းမှာကျည်မှန်သွားတယ်။ သူတို့က ထပ်ပြီး ရွာထဲမှာ သေနတ်အချက် ၁၅ချက်လောက် ဖောက်တယ်။” ဟု ပြောဆိုသည်။

သေနတ်ကျည်ထိမှန်သွားသည့်အမျိုးသားမှာ အသက် ၃၀ကျော်အရွယ်ရှိ ဂေါ်ရခါးလူမျိုး ဟာရစ်ကစ်စနား ဖြစ်ပြီး ဒဏ်ရာပြင်းထန်သည့်အတွက် မြစ်ကြီးနား စစ်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ထိုအဖြစ်အပျက်မတိုင်ခင်နာရီပိုင်းအလိုက အဆိုပါအာဏာသိမ်းစစ်တပ်စစ်ကြောင်းသည် တနိုင်းမှဆင်းလာခြင်းဖြစ်ပြီး မရန်ကထောင်နှင့် လွယ်လီယန်ကျေးရွာကြားတွင် မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ဖြတ်သန်းသွားလာသူများကို မေးမြန်းပြီး ယခုလို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...