KIA တပ်မဟာ ၂ အောက် တပ်ရင်း ၂ ခုကို အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် တိုက်ခိုက်

KIA တပ်မဟာ ၂ အောက် တပ်ရင်း ၂ ခုကို အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် တိုက်ခိုက်

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ အောက် တပ်ရင်း ၁၄ နှင့် တပ်ရင်း ၁၁ နယ်မြေသို့ ယနေ့ ညနေပိုင်းတွင် အာဏာသိမ်းစစ်တပ်က ဂျက်လေယာဉ် ၂ စီး စီဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ KIA တပ်ရင်း ၁၄ နယ်မြေရှိ တပ်စခန်းတစ်ခုကို ယနေ့ ညနေ ၄ နာရီခန့်အချိန် အာဏာသိမ်းစစ်တပ်က လေယာဉ် ၂ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ထိုနေရာဒေသအနီးတွင် အလုပ်လုပ်ကိုင်နေသော ပြည်သူ တစ်ဦးက ပြောသည်။

“ဒီဘက် ၁၄ ဘက်မှာ လေယာဉ် ၂ စီးနဲ့ လာပစ်တယ်။ ဒါကြောင့် လူကြီးတွေက အလုပ်လုပ်တာ ခဏနားထားခိုင်းတယ်။” ဟု ဟူးကောင်းချိုင့်ဝှမ်းဒေသခံ တစ်ဦးက ပြောသည်။

အလားတူ ညနေ ၅ နာရီခန့်တွင် မိုးကောင်းမြို့နယ် KIA တပ်ရင်း ၁၁ နေရာ ကဆုန်ဘက်ကိုလည်း အာဏာသိမ်းစစ်တပ်က ဂျက်လေယာဉ် ၂ စီးဖြင့် သွားရောက် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထိုသို့ KIA တပ်မဟာ ၂ အောက် တပ်ရင်း ၂ ခုကို တစ်ချိန်တည်း တိုက်ခိုက်ခဲ့သော်လည်း KIA ဘက်က ထိခိုက်မှု မရှိကြောင်း သိရသည်။

KIA တပ်ရင်း ၁၄ သည် တပ်မဟာ ၂ ဌာနချုပ် တည်ရှိသော နယ်မြေဖြစ်ပြီး ရွှေနှင့် ပယင်း အလွန်ထွက်ရှိရာဒေသဖြစ်သောကြောင့် ၂၀၁၈ ခုနှစ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးရင်းဖြင့် ထိုနေရာများကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

တပ်ရင်း ၁၁ ၏လှုပ်ရှားနေရာသည် မိုးကောင်းမြို့နယ်နှင့် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့အထိဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်သည် မိုးမောက်မြို့နယ် KIA တပ်မဟာ ၃ အောက် တပ်ရင်း ၁၅ နှင့် ၂၇ နယ်မြေတို့တွင်လည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် မတ်လ ၂၈ ရက်ညက ပစ်ခတ်ခဲ့ကြောင်း KIO သတင်းများတွင် ဖော်ပြထားသည်။

ဆန္ဒပြ ပြည်သူများကို ပစ်သတ်သော အာဏာသိမ်းစစ်တပ် နှင့်အတူ ၎င်းလက်အောက်ရှိ ရဲတပ်ဖွဲ့များကို KIA က မတ်လ ၁၁ ရက်နေ့မှ စတင်ပြီး တိုက်ခိုက်ဖျက်စီးမှုများ ပြုလုပ်လာနေသည်ကို တွေ့ရသည်။

May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...