KIA တပ်မဟာ ၂ အောက် တပ်ရင်း ၂ ခုကို အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် တိုက်ခိုက်

KIA တပ်မဟာ ၂ အောက် တပ်ရင်း ၂ ခုကို အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် တိုက်ခိုက်

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ အောက် တပ်ရင်း ၁၄ နှင့် တပ်ရင်း ၁၁ နယ်မြေသို့ ယနေ့ ညနေပိုင်းတွင် အာဏာသိမ်းစစ်တပ်က ဂျက်လေယာဉ် ၂ စီး စီဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ KIA တပ်ရင်း ၁၄ နယ်မြေရှိ တပ်စခန်းတစ်ခုကို ယနေ့ ညနေ ၄ နာရီခန့်အချိန် အာဏာသိမ်းစစ်တပ်က လေယာဉ် ၂ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ထိုနေရာဒေသအနီးတွင် အလုပ်လုပ်ကိုင်နေသော ပြည်သူ တစ်ဦးက ပြောသည်။

“ဒီဘက် ၁၄ ဘက်မှာ လေယာဉ် ၂ စီးနဲ့ လာပစ်တယ်။ ဒါကြောင့် လူကြီးတွေက အလုပ်လုပ်တာ ခဏနားထားခိုင်းတယ်။” ဟု ဟူးကောင်းချိုင့်ဝှမ်းဒေသခံ တစ်ဦးက ပြောသည်။

အလားတူ ညနေ ၅ နာရီခန့်တွင် မိုးကောင်းမြို့နယ် KIA တပ်ရင်း ၁၁ နေရာ ကဆုန်ဘက်ကိုလည်း အာဏာသိမ်းစစ်တပ်က ဂျက်လေယာဉ် ၂ စီးဖြင့် သွားရောက် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထိုသို့ KIA တပ်မဟာ ၂ အောက် တပ်ရင်း ၂ ခုကို တစ်ချိန်တည်း တိုက်ခိုက်ခဲ့သော်လည်း KIA ဘက်က ထိခိုက်မှု မရှိကြောင်း သိရသည်။

KIA တပ်ရင်း ၁၄ သည် တပ်မဟာ ၂ ဌာနချုပ် တည်ရှိသော နယ်မြေဖြစ်ပြီး ရွှေနှင့် ပယင်း အလွန်ထွက်ရှိရာဒေသဖြစ်သောကြောင့် ၂၀၁၈ ခုနှစ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးရင်းဖြင့် ထိုနေရာများကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

တပ်ရင်း ၁၁ ၏လှုပ်ရှားနေရာသည် မိုးကောင်းမြို့နယ်နှင့် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့အထိဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်သည် မိုးမောက်မြို့နယ် KIA တပ်မဟာ ၃ အောက် တပ်ရင်း ၁၅ နှင့် ၂၇ နယ်မြေတို့တွင်လည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် မတ်လ ၂၈ ရက်ညက ပစ်ခတ်ခဲ့ကြောင်း KIO သတင်းများတွင် ဖော်ပြထားသည်။

ဆန္ဒပြ ပြည်သူများကို ပစ်သတ်သော အာဏာသိမ်းစစ်တပ် နှင့်အတူ ၎င်းလက်အောက်ရှိ ရဲတပ်ဖွဲ့များကို KIA က မတ်လ ၁၁ ရက်နေ့မှ စတင်ပြီး တိုက်ခိုက်ဖျက်စီးမှုများ ပြုလုပ်လာနေသည်ကို တွေ့ရသည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...