တောင်ကြီး လူငယ်(၄)ဦး ကျဆုံး၊ အမျိုးသမီး တဦးပါ

တောင်ကြီး လူငယ်(၄)ဦး ကျဆုံး၊ အမျိုးသမီး တဦးပါ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယနေ့ (မတ် ၂၅)ရက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့်လူငယ် ၄ဦး ကျဆုံးကာ၊ထိုထဲတွင် အမျိုးသမီး တဦး ပါရှိကြောင်း သတင်းရရှိသည်။

ယနေ့ (မတ် ၂၅)ရက်မှာ အကြမ်းဖက် စစ်ကောင်စီသည် တောင်ကြီးတမြို့လုံးနီးပါးရှိ ဆန္ဒပြသပိတ်များကို ကျည်အစစ်သုံးကာ ဖြိုခွင်းမှုပြုလုပ်သဖြင့် လူငယ် ၄ဦး ကျဆုံးကာ၊ထိုထဲတွင် အမျိုးသမီး လူငယ်တဦးလည်း ပါရှိကြောင်း မြေပြင် သတင်းအရ သိရသည်။

“ ဒီနေ့ ကျဆုံးက ၄ဦးရှိတယ်။ အမျိုးသမီး တဦးပါတယ်။ နောက် ကျဆုံးသွားတဲ့ အလောင်းကို စစ်ကောင်စီ က လုယူထားတာရှိတယ်။ ဒီနေ့ က တမြင်ကို ဦးခေါင်းထိအောင်ပစ်တယ်။ ရင်ဘတ်ထိအောင်ပစ်တယ်” ဟု ဆန္ဒပြရာတွင်ပါဝင်သည့် လူငယ်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆက်လက်ပြီး အထက်ပါ လူငယ်က “ ကျဆုံးသွားတဲ့ ရုပ်အလောင်းကိုတောင် ရဲတွေက လုယူသွားသေးတယ်။ တရွက်တိုက်ဆွဲသွားတယ်” ဟု ပြောပြသည်။

အကြမ်းဖက်စစ်ကောင်စီသည် တောင်ကြီးမြို့ ရပ်ကွက်ထဲရှိ လမ်းများ၊ နေအိမ်များကို ဝင်ရောက်ကာ ကျည်အစစ်သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ နေအိမ်ထဲ ဝင်ကာ ပြည်သူပိုင်ပစ္စည်းများကို ရိုက်နှက်ခြင်း၊ ဆိုင်ကယ်များကို ဖျက်ဆီးခြင်း နှင့် ကားဆီများထုတ်ယူခြင်းတို့ ပြုလုပ်ခဲ့ကြောင်း တောင်ကြီး ပြည်သူများပြောပြချက် အရသိရသည်။

“ လမ်းပေါ်ထားတဲ့ ကားတွေ ရဲ့ မှန်တွေကို ရိုက်တယ်။ ကားထဲမှာ ရှိတဲ့ ပစ္စည်းတွေယူသွားတယ်။ ဆီပါထုတ်ယူတယ်။ ဆိုင်ကယ်တွေလည်း ဖျက်ဆီးထားတာ နည်းတာမဟုတ်ဘူး” ဟု တောင်ကြီး ဒေသခံ တဦးက ဆိုသည်။

ထို့အပြင် တောင်ကြီး မြို့မရပ်ကွက် ရှိနေအိမ်ကိုလည်း အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက်ကာ အမျိုးသမီးတဦးကို ဆံပင်ဆွဲ ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ရုပ်သံလည်း လူမှု ကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

“ Gym (အားကစားရုံ) က ဆရာမပါ။ သူကို ပါးရိုက်တယ်။ လက်သီးနဲ့ထိုးတယ်။ နောက်ဖမ်းခေါ်သွားတယ်။ သူ့ အခန်းကိုလည်း လေးဂွနဲ့ပစ်တယ်။ ဒီရဲတွေ ပုံမှန်စိတ်တော့မဟုတ်လောက်ဘူး” ဟု ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရှိသည့် အမျိုးသား တဦးက သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

ယနေ့ တောင်ကြီးမြို့ ဆန္ဒပြသည့် လူငယ် အယောက် ၂၀ကျော် အကြမ်းဖက် စစ်ကောင်စီ က ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားသည်။ ယနေ့ (မတ် ၂၅)ရက်မှာ အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ ရဲ (၂)ဦး သေဆုံးသွားကြောင်း သိရသည်။

မတ် (၁၉ )ရက် တွင်လည်း သျှမ်းတောင် အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသည့် လူထုသပိတ်ကို အကြမ်းဖက်စစ်ကောင်စီက သေနတ်ပစ်ဖြိုခွင်းကာ လူငယ် (၉ )ဦးထက်မနည်း ကျဆုံးခဲ့ပြီး၊ အများအပြား ဖမ်းဆီးခဲ့ခဲ့ရသည်။

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...