KIO ဌာနချုပ်နယ်မြေရှိ အာဏာသိမ်းစစ်တပ် စခန်းများကို KIA က သိမ်းပိုက်

KIO ဌာနချုပ်နယ်မြေရှိ အာဏာသိမ်းစစ်တပ် စခန်းများကို KIA က သိမ်းပိုက်

KIO ဗဟိုဌာနချုပ်အနီး ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ အလောဘွမ် အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းသတင်းများအရ သိရသည်။

၀ိုင်းမော်မြို့နယ်အတွင်းရှိ KIA တပ်ရင်း ၃ နယ်မြေကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်လာသောကြောင့် ဒေါ့ဖုန်းယန်မြို့နယ်ရှိ စစ်ရေးအရ အရေးပါသော အလောဘွမ်စစ်တပ်စခန်းကို ပြန်လည်တိုက်ခိုက်ရခြင်းဖြစ်သည်ဟု KIO ဗဟိုဌာနချုပ်သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“အဓိကတော့ အလောဘွမ်ကို သွားပစ်တာဟုတ်တယ်။ ပြီးခဲ့တဲ့ ရက်တွေတုန်းက ဆမားဘက်မှာ ကျနော်တို့ တပ်စခန်းတွေကို စစ်တပ်က ပစ်တယ်။ ပြီးတော့ ဆဒုံး KIA တပ်ရင်း ၃ ဘက်ကိုလည်း လက်နက်ကြီးနဲ့ပစ်တော့ ကျနော်တို့ တပ်ရင်း ၃ ဘက်မှာလည်းကျတယ်။ စစ်ရှောင်တွေရှိတဲ့ ခေါင်ရှောင်ဘက်မှလည်းကျတယ်။ တရုတ်ပြည်ဘက်မှာလည်း ကျတာရှိတယ်။ ဒါကြောင့် ကျနော်တို့ဘက်လည်း သူတို့ အဲဒီလုပ်ရပ်ကြောင့် အလောဘွမ် ကို ပြန်ပစ်တာဟုတ်တယ်။”

မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်ရှိ အလောဘွမ်နှင့် အခြား စစ်တပ်စခန်းများကို KIA က မတ်လ ၂၄ ရက်ညနေ ၅ နာရီခွဲခန့်မှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ည ၁၀ နာရီခန့်တွင် အလောဘွမ်တောင်ခြေရှိစခန်းများကို သိမ်းနိုင်ခဲ့ပြီး၊ မတ်လ ၂၅ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ပင်မစခန်းကိုပင် သိမ်းနိုင်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းများမှ သိရသည်။

အလောဘွမ်သည် KIO ဗဟိုဌာနချုပ် တပ်မဟာ ၅ နယ်မြေဖြစ်ပြီး စစ်ရေးအရ အရေးပါသော ယခင်အင်္ဂလိိပ်ခေတ်က တည်ဆောက်ခဲ့သောရဟတ်ယာဉ်ပင် ဆင်းသက်နိုင်သည့်နေရာဖြစ်သည်ဟု သိရသည်။ ထိုတပ်စခန်းကို ၁၉၉၀ ဝန်းကျင်ခန့် ကတည်းက စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲပြင်းထန်ခဲ့သောကာလတွင် လက်လွတ်ခဲ့ရခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်သော်လည်း အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ထားသည့်အတိုင်း အကြမ်းဖက်လုပ်ရပ်များကို KIO လုပ်ဆောင်မည်မဟုတ်သောကြောင့် ပြည်သူလူထုအနေဖြင့် သတင်းကို စိစစ်ယုံကြည်ကြဖို့ သူက ဆက်လက်ပြောဆိုသည်။

ဆန္ဒပြပြည်သူများကို ပစ်သတ်သော အာဏာသိမ်းစစ်တပ်ကို KIA က မတ်လ ၁၁ ရက်နေ့မှ စတင်ကာ တိုက်ခိုက်လာခြင်း ဖြစ်သည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲ ပြင်းထန်လာနိုင်သောကြောင့် KIO ဗဟိုဌာနချုပ်ရှိ စစ်ပြေးဒုက္ခသည်များကလည်း လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုမှကာကွယ်ရန် ကတုတ်ကျင်းတူးကာ ပြင်ဆင်ထားကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...