လူငယ်များကန့်ကွက်မှုကြောင့် ပြည်နယ်စစ်ကောင်စီနဲ့ လော်ဝေါ်ကျမ်းစာကျောင်းအုပ်ဆရာကြီးတို့ တွေ့ဆုံပွဲ ဖျက်သိမ်း

လူငယ်များကန့်ကွက်မှုကြောင့် ပြည်နယ်စစ်ကောင်စီနဲ့ လော်ဝေါ်ကျမ်းစာကျောင်းအုပ်ဆရာကြီးတို့ တွေ့ဆုံပွဲ ဖျက်သိမ်း

မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ လော်ဝေါ်နှစ်ခြင်းကျမ်းစာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်တို့ တွေ့ဆုံမည်အစီစဉ်ကို လော်ဝေါ်လူငယ်များက သွားရောက်ကန့်ကွက်သောကြောင့် အစီစဉ် ပျက်ပြယ်သွားခဲ့သည်ဟု သိရသည်။

“အသင်းတော်က တာဝန်ရှိတဲ့သူတွေအနေနဲ့ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ လာရောက်တွေ့ဆုံမယ်ဆိုတဲ့အပေါ် ငြင်းလို့မသင့်တော်တဲ့အတွက် တွေ့ဆုံမယ့်အစီစဉ်ကို လက်ခံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းတော်မှာရှိတဲ့ ပြည်သူတွေအနေနဲ့လက်မခံဘူးဆိုရင်တော့ ပထမတစ်ချက် ဒီတွေ့ဆုံပွဲကို ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ဒုတိယတစ်ချက်က လော်ဝေါ်နှစ်ခြင်းအသင်းတောာ်က သာသနာထွန်းကားအောင်လုပ်ဆောင်နေတဲ့ ဘာသာရေးအသင်းအဖွဲ့ဖြစ်တဲ့အတွက် နိုင်ငံရေးကိုဘယ်တော့မှလုပ်မှာမဟုတ်ဘူး။ တတိယတစ်ချက်က ဒီလိုနိုင်ငံရေးမငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ တွေ့ဆုံဖို့ကမ်းလှမ်းတာကို လက်ခံမှာမဟုတ်ဘဲ ငြိမ်းချမ်းလာတဲ့အချိန်မှသာ စဉ်းစားပေးသွားမယ်။” ဟု လော်ဝေါ်နှစ်ခြင်းအသင်းချုပ်မှ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများက ပြောသည်။

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီသည် လော်ဝေါ်နှစ်ခြင်းကျမ်းစာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးအား လာရောက်တွေ့ဆုံရန် ကမ်းလှမ်းလာသည့်အတွက် ဖေဖော်ဝါရီ ၁၇ရက်နေ့တွင် လော်ဝေါ်နှစ်ခြင်းအသင်းတော်မှ လူငယ်များအပြင် လူငယ် အင်အား(၃၀၀)ခန့်က ဝန်းရံခဲ့ကြခြင်းဖြစ်သည်။

“ဒီနေရာက ကျမ်းစာကျောင်းဖြစ်တဲ့အတွက် ဒီလိုနိုင်ငံရေးလာလုပ်တာကို လုံးဝလက်မခံနိုင်ပါဘူး။ ပြီးတော့ စစ်ဘက်ကခန့်ပေးတဲ့ ဘယ်တစ်ဦးတစ်ယောက်ကိုမှလည်း အယုံအကြည်မရှိဘူး။ အဲကြောင့်ကျနော်တို့လူငယ်တွေအားလုံး လာရောက်ဝန်းရံနေခြင်းဖြစ်ပါတယ်။ နောက်နောင်လည်း နိုင်ငံရေးနဲ့ပတ်သက်တဲ့တွေ့ဆုံမူမျိုး ကမ်းလှမ်းတာမျိုးလည်း မလုပ်ပေးပါကြပါနဲ့လို့ပြောချင်တယ်။”ဟု လာရောက်ဝန်းရံခဲ့ကြသူများမှ လူငယ်တစ်ဦးက ဆိုသည်။

မြစ်ကြီးနားမြို့ ရွှေဇက်ရပ်ကွက်ရှိ အောက်ဘမ်ကျမ်းစာသင်ကျောင်းသည် လော်ဝေါ်လူမျိုးများ၏ ကျမ်းစာသင်ကျောင်းဖြစ်သည်ဟု သိရသည်။

ကချင်မျိုးနွယ်စုဝင်(၆)မျိုးထဲမှ လော်ဝေါ် မျိုးနွယ်စုဝင်များသည် ကချင်ပြည်နယ်ရှိ ဝိုင်းမော်မြို့နယ်၊ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ် နှင့် မြစ်ကြီးနားမြို့နယ် အစရှိသည့် မြို့နယ်များတွင် အများဆုံးနေထိုင်သော လူမျိုးဖြစ်သည်။

May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...