ကရင်ပြည်နယ်၊ ဖားအံမြို့တွင် သောင်းနှင့်ချီ သည့် မြို့ခံလူထုများ စုဝေးပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒဖော် ထုတ်ပွဲကို ယနေ့ နံနက် ၈ နာရီအချိန်တွင် မြို့တွင်း အထင်ကရ နာရီစင်မှ ဗိုလ်ချုပ်လမ်းမပေါ်ကို စတင် လမ်းလျှောက်ချီတက်နေကြသည်။
မြို့လယ်ခေါင်ရှိ နာရီစင်မှ စတင် စုဝေးထွက်ခွာလာပြီး ဗိုလ်ချုပ်လမ်းရှိရာ အဓိက လမ်းမကြီးပေါ်တွင် ဆက်လက် ချီတက်လာခဲ့ကြပြီးနောက် အောင်သံလွင် အားကစားကွင်းရှေ့ မီးပွိုင့်မှ ဖားအံတက္ကသိုလ်လမ်းထဲသို့ ကွေ့ဝင်ကာ လမ်းလျှောက်ခြင်း၊ ဆိုင်ကယ်များဖြင့် ပါဝင်ခြင်းဖြင့် ရှေ့ဆက် ဆန္ဒပြ ချီတက်လျက်ရှိသည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် ဒီမိုကရေစီ ရရှိရေး၊ စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ အထိန်းသိမ်းခံ ခေါင်းဆောင်များ ပြန်လွှတ်ပေးရေး နှင့် ရဲများနှင့် ထိပ်တိုက်တွေ့လျှင် ပြည်သူ့ရဲအဖြစ် ကြွေးကြော်ရန် ဟူသော စာသားများဖြင့် ကြွေး ကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကလည်း ရုပ်သံအမှာစကား ယနေ့ ပြောကြားရာတွင် “CDM ပဲ ကျမတို့ အပြတ်အသတ် လုပ်မှာ။ ကျမတို့ ညီတယ်ဆိုရင်လေ ဘယ်သူမှကျမတို့ကို မလုပ်နိုင်ဘူး။ ကမ္ဘာကြီးက ကျမတို့ဘက် မှာရှိတယ်။ ကျမတို့ပြည်သူတွေ ညီဖို့ပဲကျန်တယ်။ ကျမတို့မညီရင် ကျမတို့သားစဉ်မြေးဆက်အတွက် ဒါတွေလည်း ထည့်ပြီး စဉ်းစားပေးကြပါ။”ဟု ပြောဆိုခဲ့သည်။

ယနေ့ ဖားအံမြို့ ဆန္ဒပြပွဲကို ပြည်နယ်အစိုးရရုံးရှေ့အထိ ချီတက်လမ်းလျှောက်သွားကြမည်ဟု သိရသည်။
အလားတူ ကော့ကရိတ်မြို့၌လည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို တချိန်တည်း ပြုလုပ်လျှက်ရှိသည်ဟု သိရသည်။







