ရခိုင်တွင် 4G အင်တာနက် ပြန်ရပြီ

ရခိုင်တွင် 4G အင်တာနက် ပြန်ရပြီ

မာန်ယုကျော် — ရခိုင်ပြည်နယ်ရှိ အင်တာနက် 2G သာဖွင့်ပေးထားခြင်းခံနေရသည့် မြို့နယ်များတွင် 4G ပြန်ရနေပြီဟု ဒေသခံများက ပြောသည်။

“ဘူးသီးတောင်မှာတော့ မနေ့ကညဉ့် ၁၁ နာရီ ၅၇ မိနစ်လောက်မှာရတာပါ။ သုံးရတာတော့ အဆင်ပြေပါတယ်။”ဟု ဘူးသီးတောင်မြို့မှ ဦးဇင်း ဦးနာယကက နိရဥ္စရာသို့ မိန့်သည်။

ကျောက်တော်မြို့နယ်တွင်လည်း ယမန်နေ့ညဥ့် ၁၂ နာရီခန့်မှစတင်ကာ အင်တာနက် 4G ရရှိနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“4G ရပါပြီ။ အခုလို 4G ပြန်ရတော့ အလုပ်အတွက်ကောင်းတာပေါ့လေ။ ရန်ကုန်က ပစ္စည်းမှာရတဲ့အခါကျတော့ ပစ္စည်းအတိုအစတွေ၊ အမျိုးအမည်က များတယ်လေ။ များတော့ တချို့ကို လိုင်းကနေ အရေအတွက်တွေကို ရေးခိုင်းတယ်။ အဲလိုအပိုင်းတွေရှိတယ်။ ဆိုတော့ လိုင်းမရရင် ရေးလို့ မရဘူးလေ။ အခုတော့ အဲလိုရေးပို့ထားလိုက်ရင် ဖုန်းနဲ့လည်း ပြောနေစရာမလိုတော့ဘူး။ အဲဒါတွေ အဆင်ပြေတယ်။”ဟု ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာရှိ “မင်းသိုက်စိုး” စာရေးကိရိယာရောင်းဝယ်ရေးဆိုင်ပိုင်ရှင် ကိုမင်းသိုက်စိုးက နိရဥ္စရာကိုပြောသည်။

အင်တာနက် 4G ပြန်ရနေပြီဖြစ်သည့်မြို့နယ်များမှာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်များဖြစ်ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့ ညဥ့် ၁၂ နာရီခန့်တွင် ပြန်လည်ရရှိနေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်ခဲ့သည့်အတွက် လုံခြုံရေးအကြောင်းပြကာ ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် ဇွန်လ (၂၁)ရက်နေ့မှစ၍ 4G အင်တာနက်ကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါမြို့နယ်များအနက် မောင်တောမြို့နယ်ကို ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ မေလပထမပတ်တွင် 4G အင်တာနက်ကို ဖွင့်ပေးခဲ့သော်လည်း ကျန်မြို့နယ်များကို 2G အဆင့်သာ ဖွင့်ပေးထားခဲ့ခြင်းဖြစ်သည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...