ကျောက်တော်မြို့နယ်မှ ပျောက်ဆုံးနေသူ တင်းမကျေးရွာသားများကိစ္စအား စုံးစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုပြီးစီး

ကျောက်တော်မြို့နယ်မှ ပျောက်ဆုံးနေသူ တင်းမကျေးရွာသားများကိစ္စအား စုံးစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုပြီးစီး

ထွန်းခိုင် — ပျောက်ဆုံးသွားသော တင်းမကျေးရွာသားများ၏ မိသားစုဝင်များအား ကျောက်တော်မြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့က စုံစမ်းစစ်ဆေးမှုပြီးစီးသွားပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့ကို မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးက ဇန်နဝါရီ ၆ ရက်နေ့က ဖွဲ့စည်းပေးလိုက်ခြင်းဖြစ်ပြီး ၄င်းအဖွဲ့တွင် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျောက်တော်မြို့နယ် ရဲမှူး၊ တင်းမကျေးရွာမှ ရပ်မိရပ်ဖ ဦးထွန်းသိန်းတို့ ပါဝင်ကြောင်း သိရှိရသည်။

စုံးစမ်းစစ်ဆေးရေးအဖွဲ့ဝင် ဦးထွန်းသိန်းက “စစ်ဆေးလို့တော့ အားလုံးပြီးပြီ။ သူတို့ရဲ့ ထွက်ဆိုချက်တွေကိုလည်း ဖတ်ခိုင်းတယ်။ ဖတ်ခိုင်းပြီးတော့ သူတို့ထည့်ချင်တဲ့အချက်အလက်တွေကို ထည့်ခိုင်းတယ်။ သူတို့ကျေနပ်မှုရှိမှ လက်မှတ်ထိုးခိုင်းတယ်။ မနေ့ကတော့ လက်မှတ်ထိုးတာပြီးသွားပြီ။” ဟုဆိုသည်။

အဆိုပါ စစ်ဆေးမှုစာရွက်စာတမ်းများအား နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ထံ ဆက်လက်တင်ပြသွားမည်ဖြစ်သော်လည်း မည်သည့်အချိန်တွင် တင်ပြမည်ဆိုသည်ကို မသိရသေးဟု သူက ဆက်ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ယခုစစ်ဆေးမေးမြန်းမှုနှင့်ပတ်သက်၍ မှန်ကန်သော အဖြေတစ်ခု ပေါ်ပေါက်စေလိုသည်ဟု တင်းမကြီးကျေးရွာမှ ပျောက်ဆုံးနေသူ ကိုနေလင်းဦး၏မိခင် ဒေါ်ဦးသန်းရီက ပြောသည်။

 “ကျမတို့သားတွေကို  စစ်သားတွေဖမ်းယူသွားတာမှာ ပါသွားတဲ့ အကြောင်းတွေကို ကျမတို့ကို မနေ့က ခေါ်ပြီးတော့ လက်မှတ်ထိုးဖို့ခိုင်းတယ်။ ဒါကြောင့် ကျမတို့ မနေ့က ၃ နာရီလောက်မှာ သွားပြီးတော့ လက်မှတ်ထိုးခဲ့ရပါတယ်။ ကျမတို့သားတွေနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ အဖြေတစ်ခုတော့ ပေါ်ပေါက်စေချင်ပါတယ်။” ဟု ပြောသည်။

၄င်းအမှုနှင့် ပတ်သက်၍ ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း ပျောက်ဆုံးနေသူ မိသားစုဝင်များအား မြောက်ဦးရဲစခန်းတွင် စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့က တင်းမသစ်ကျေးရွာတွင် ရွာသား(၈)ဦး၊ မတ် ၁၆ ရက်နေ့က တင်းမကြီးရွာမှ ရွာသား (၁ဝ)ဦးတို့ကို တပ်မတော်သားများက သူတို့ နေအိမ်များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ အချိန်ထိ ပျောက်ဆုံးကြောင်း မိသားစုများက ပြောကြားသည်။

၎င်းပြင် တင်းမရွာဘုန်းကြီးကျောင်းတွင် အစောင့်အဖြစ်ကျန်နေခဲ့သူ ရွာသား (၃) ဦးလည်း ပျောက်ဆုံး နေသဖြင့်  စုစုပေါင်း (၂၁) ဦးပျောက်ဆုံးနေသည်ဟု သိရသည်။

တပ်က ဖမ်းပြီးနောက် ပျောက်ဆုံးနေသူ တင်းမကြီးကျေးရွာမှ ကျေးရွာသား ၁ဝ ဦးမှာ  ဦးအောင်ညွန့် (၆၅) နှစ်၊ ဦးထွန်းဝင်းမောင် (၆၄) နှစ်၊ ဦးယာဉ်မောင် (၄ဝ) နှစ်၊ ဦးသန်းမောင်ထွန်း (၄ဝ) နှစ်၊ ဦးမောင်ဝင်း (ခေါ်) ဦးမောင်ဝင်းကြီး (၅ဝ) နှစ်၊ ဦးမောင်ဝင်းချေ (၃၇) နှစ်၊ ဦးမောင်ကြည်လင်း (၄ဝ) နှစ်၊ ဦးမောင်စိန်ဝင်း အသက် ၅ဝ ကျော်၊ မောင်ထွန်းထွန်းဝေ (၁၅) နှစ်နှင့် မောင်နေလင်းဦး (၂၈) နှစ်တို့ဖြစ်ကြောင်း၊ မတ်လ ၁၃ ရက်နေ့က တင်းမရွာသစ်မှ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေသူ သူ ၈ ဦးမှာ ဦးမောင်စိတ်ကြီး၊ ဦးကျော်ဝင်း၊ ဦးလှကျော်ကြီး၊ ဦးမောင်သန်းစိုး၊ ဦးစောရွှေသန်း၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးမောင်ထွန်းစိန်တို့ ဖြစ်ကြောင်း မိသားစုများက ပြောကြားသည်။

ပျောက်ဆုံးနေသူများနှင့် ပတ်သက်ပြီး ယနေ့ချိန်အထိ သတင်းအစအန တစ်စုံတစ်ရာ မရသဖြင့် မိသားစုဝင်များက ပြီးခဲ့သော ဒီဇင်ဘာလ ၈ ရက်နေ့က ကျောက်တော်မြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်းကြားခဲ့မှုများ ရှိခဲ့သည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...