DMG သတင်းဌာနမှ အမှုဖွင့်ခံထားရသူသတင်းထောက်နှစ်ဦးအား ရဲက လာရောက်စစ်ဆေး

DMG သတင်းဌာနမှ အမှုဖွင့်ခံထားရသူသတင်းထောက်နှစ်ဦးအား ရဲက လာရောက်စစ်ဆေး

ထွန်းခိုင်  — ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သော Development Media Group သတင်းဌာနမှ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရသော ဒု-တာဝန်ခံအယ်ဒီတာကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့အား ယနေ့ညနေ ၄ နာရီခွဲအချိန်ခန့်က သက်ဆိုင်ရာတာဝန်ရှိ ရဲအရာရှိနှစ်ဦးက ရုံးသို့လာရောက်စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

DMG ရုံးသို့လာရောက်မေးမြန်းလာသူနှစ်ဦးမှာ စစ်တွေမြို့ အမှတ် (၂) နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သိန်းထိုက်နှင့် အမှုစစ်အရာရှိ ဒုရဲအုပ်လင်းလင်းထွန်းတို့ဖြစ်သည်ဟု DMG သတင်းဌာနမှ Operation Manager ကိုဇော်ဇော်ကပြောသည်။

“သူတို့ကတော့ အမှုဖွင့်ခံထားရသူတွေနဲ့ အဆက်အသွယ်ရလာဆိုပြီးတော့မေးတယ်။ ကျနော်တို့ကလည်း သူတို့နဲ့ အဆက်အသွယ်ရဖို့အတွက် ကြိုးစားနေတယ်။ ဒီအမှုကိုတော့ တရားရုံးမှာဖြစ်ဖြစ်၊ ရဲစခန်းမှာဖြစ်ဖြစ် ရင်ဆိုင်ပြီးတော့ ဖြေရှင်းဖို့လို့ ကျနော်တို့ပြောလိုက်တယ်။ သူတို့နဲ့အဆက်သွယ်ရတဲ့အချိန်မှာတော့ ကျနော်တို့အမြန်ဆုံးသွားပြီးတော့ဖြေရှင်းသွားမှာပါ။ ကျနော်တို့မှာလည်း ကျနော်တို့ရဲ့ ဥပဒေအကြံပေးအဖွဲ့တွေနဲ့ ပြန်ပြီးတော့ ညှိနှိုင်းရဖို့အပိုင်းတွေရှိမယ်။ အတတ်နိုင်ဆုံးတော့ ကျနော်တို့ ဒီအမှုကို ဖြေရှင်းသွားမယ်လို့ပြောလိုက်တယ်။” ဟု ကိုဇော်ဇော်က ပြောသည်။

“ကျောက်တော်မြိို့နယ်၊ မာလာကျေးရွာမှ စပါးတောင်း (၇၀၀) ကို တပ်မတော်သားများ ယူဆောင်သွားဟုဆို” ခေါင်းစဉ်ဖြင့် DMG သတင်းဌာနတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။ အဆိုပါသတင်းရေးသားချက်သည် တပ်မတော်ကို အသရေဖျက်သည်ဟုဆိုကာ DMG သတင်းဌာနမှ ဒု-တာဝန်ခံအယ်ဒီတာကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့အား ဇန်နဝါရီလ ၂၂ ရက်နေ့တွင် တပ်မတော်သား ဗိုလ်မှူး ဘုန်းမြင့်ကျော်က စစ်တွေမြို့ အမှတ် (၂)နယ်မြေ ရဲစခန်း၌ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

DMG သတင်းဌာနမှ သတင်းထောက်နှစ်ဦး အမှုဖွင့်ခံရမှုနှင့်ပတ်သက်၍ မြေလတ်ဂျာနယ်လစ်ကွန်ရက်၊ မြန်မာဂျာနယ်လစ်ကွန်ရက် (ဧရာဝတီ)၊ လားရှိုးသတင်းထောက်များအဖွဲ့၊ မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်၊ တောင်ကြီးသတင်းထောက်များအသင်းနှင့် မြန်မာဂျာနယ်လစ်ကွန်ရက်တို့ကလည်း ယနေ့တွင် တိုက်တွန်းချက်စာတစ်စောင် ထုတ်ပြန်လိုက်သည်။

အဆိုပါတိုက်တွန်းစာတွင် “စစ်တွေမြို့ အခြေစိုက် ရခိုင်တိုင်းရင်သားသတင်းဌာနတစ်ခုဖြစ်သော Development Media Group(DMG) မှ အမျိုးသမီးသတင်းထောက်တစ်ဦးနှင့် ဒုတိယတာဝန်ခံအယ်ဒီတာတစ်ဦးတို့အား တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း သတင်းဖော်ပြချက်များနှင့် သက်ဆိုင်ရာသတင်းဌာနမှ သိရှိရပါသည်။ ယင်းသို့ တရားစွဲဆိုခြင်းသည် သတင်းရေးသားဖော်ပြမှုအပေါ် အခြေခံကာ အမှုဖွင့်ထားခြင်းဖြစ်ပြီး တပ်မတော်အနေဖြင့် သတင်းဖော်ပြမှုနှင့် ပတ်သက်၍ ကျေနပ်မှုမရှိခဲ့လျှင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ဦးစွာတိုင်ကြားဖြေရှင်းရန် တိုက်တွန်းလိုပါသည်။ DMG သတင်းဌာနအပေါ် တပ်မတော်က တရားစွဲဆိုခြင်းအား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့်လည်း ကြားဝင်ညှိနှိုင်းပေးရန် တောင်းဆိုအပ်ပါသည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင် သုံးရပ်နှင့် သတင်းမီဒီယာများအကြား ပွတ်တိုက်မှုလျှော့ချနိုင်ရန် ရည်ရွယ်ကာ မိမိတို ့အဖွဲ့အစည်းများက တိုက်တွန်းခြင်းဖြစ်ပါသည်” ဟု ဖော်ပြပါရှိသည်။

DMG သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကိုလည်း ပြီးခဲ့သော ၂၀၁၉ ခုနှစ် မတ်လ (၁၁) ရက်နေ့က သတင်းတပ်ဖွဲ့ (SB) က တရားလိုလုပ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၂)ဖြင့် စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

၄င်းအပြင် ယင်းသတင်းဌာန၏ မောင်တောအခြေစိုက် သတင်းထောက် ကိုအောင်ကျော်မင်းကိုလည်း ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က လမ်းတံတားဦးစီးဌာနက  တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်် မောင်တောမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် DMG သတင်းဌာနမှ အယ်ဒီတာနှစ််ဦးနှင့် သတင်းထောက်နှစ်ဦးမှာ အမှုဖွင့်ခံထားရကြောင်း သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...