တွန်းဇံ၊ ထန်တလန်နှင့် ဖလမ်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သော မဲစာရင်းပေါင်း တစ်သောင်းကျော်ရှိဟု တပ်မတော်ထပ်မံထုတ်ပြန်

တွန်းဇံ၊ ထန်တလန်နှင့် ဖလမ်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သော မဲစာရင်းပေါင်း တစ်သောင်းကျော်ရှိဟု တပ်မတော်ထပ်မံထုတ်ပြန်

လားနွန် — ချင်းပြည်နယ် တွန်းဇံ၊ ထန်တလန်နှင့် ဖလမ်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်းနှင့် မဲမသမာမှုြ ဖစ်နိုင်သည့် အခြားမဲစာရင်း စုစုပေါင်း (၁၂၉၉၂) ကျော်ရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီလ (၈) ရက်နေ့ (၉) ရက်နေ့တို့မှ ထုတ်ပြန်ချက်အရသိရသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက တပ်မတော်သားများဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့် စပ်လျဉ်း၍ မဲစာရင်းစီစစ်မှုများကို ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီလ (၈) ရက်နေ့က ၁၂ ကြိမ်မြောက် ထုတ်ပြန်ချက်တွင် ဖလမ်းမြို့နယ်အတွင်း မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်းနှင့် မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း စုစုပေါင်း (၃၈၄၃) ရှိသည်ဟုဖော်ပြသည်။

အလားတူ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဇန်နဝါရီလ (၉) ရက်နေ့က ထပ်မံထုတ်ပြန်ချက်တွင် မဲမသမာမှု ပြုနိုင်သည့်ထပ်နေသော မဲစာရင်းနှင့် မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း တွန်းဇံမြို့နယ်တွင် စုစုပေါင်း (၃၃၈၁) နှင့် ထန်တလန်မြို့နယ်တွင်စုစုပေါင်း (၅၇၆၈) ရှိသည်ဟုဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်အရ ဖလမ်းမြို့နယ်တွင် နိုင်ကတ်အမှတ်တူနေသူများ (ကျန်အချက်အားလုံးလွဲ) မဲစာရင်းတွင် ပါဝင်နေသူ အများဆုံးဖြစ်ပြီး (၁၅၀၈) ဦး၊ နိုင်ကတ်တူ ဖခင်တူ (အမည်လွဲ၊ အသက်လွဲ၊ မိခင်အမည်လွဲသူများ) (၁၃၈) ဦးနှင့် နိုင်ကတ်တူ အမည်တူ (အသက်လွဲ၊ မိဘအမည်လွဲသူများ) (၁၁၈) ဦး စသည်ဖြင့် တွေ့ရပြီး ထန်တလန်မြို့နယ်တွင် နိုင်ကတ်အမှတ်တူနေသူများ (ကျန်အချက်အားလုံးလွဲ) (၂၅၉၈) ဦး၊ နိုင်ကတ်အမှတ် (၁) ခုတည်းဖြင့် မဲစာရင်း(၃) ကြိမ်ပါဝင်နေသူများ (၁၃၈) ဦးစသဖြင့်အများဆုံးတွေ့ရကာ တွန်းဇံမြို့နယ်တွင်လည်း နိုင်ကတ်အမှတ်တူနေသူများ (ကျန်အချက်အားလုံးလွဲ) (၁၂၇၆) ဦးနှင့် နိုင်ကတ်တူ မိဘတူ (အမည်လွဲ၊ အသက်လွဲသူများ) (၈၂) ဦးစသဖြင့်အသီးသီးတွေ့ရှိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ထန်တလန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးခင်အောင်လိန်းက “ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာကတော့ မဲစာရင်းတွေကတော့ မပြည့်စုံမှုတွေတော့ရှိကောင်းရှိမယ် ဒါကတော့ ကျနော်တို့ကလည်းတတ်နိုင်သမျှအကောင်းဆုံးလုပ်ထားတယ် မဲမသမှုကမရှိနိုင်ဘူးလို့ဖြေရမှာပါ ဘာလို့လဲဆိုရင် ကျနော်တို့လုပ်တဲ့လုပ်ငန်းစဉ်တစ်ခုလုံးမှာ ဒီရပ်ကွက်တစ်ခုခြင်းစီအလိုက် မဲရုံတစ်ခုခြင်းစီအလိုက် ဆောင်ရွက်နေတာဖြစ်တဲ့အတွက် တချို့ဟာတွေသည် မဲစာရင်းထပ်တာရှိခဲ့ရင်တောင်မှ ဒီမဲရုံတစ်ရုံမှာ ထပ်တဲ့ဟာဆိုလို့ရှိရင် မရှိလောက်ဘူးလို့ကျနော်အနေနဲ့ ယုံကြည်တယ် တစ်ခုကတော့ ထပ်တဲ့ဟာဆိုလို့ ဥပမာ ဟိုဘက်ကျေးရွာကနေ ဒီဘက်ကျေးရွာပြောင်းသွားလို့ မပျယ်ဖျတ်မိတာ ဒီဟာမျိုးတွေကျနော်တို့ကန့်ကွက်တဲ့သူလည်း မရှိဘူး ကျနော်တို့ဘက်ကလည်းမသိဘူး ဟိုဘက်မှာပြောင်းသွားတဲ့အချိန်မှာ အဝင်တော့ပြတယ် ဟိုဘက်စာရင်း တွေမှာတိုးသွားတယ် ဒီဘက်စာရင်းမှာမဖျက်ဘူး အဲဒါမျိုးတော့ရှိကောင်းရှိမယ် ဒီဟာတွေကျတော့ မသမာမှုမဖြစ်နိုင်ပါဘူး” ဟု ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည့် မဲမသမှုရှိနိုင်ချေရှိသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ တွန်းဇံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးထန်ဟောက်လန်ကလည်း “ တပ်မတော်ရဲ့ပြန်ကြားချက်အရ ဘယ်လိုမျိုးမဲမသမာမှုဖြစ်နိုင်လဲဆိုတာတော့မသိဘူး ကျနော်တို့ဆီမှာတော့ မဲမသမာမှု မရှိလို့လည်း အခုချိန်ထိဘာမှ တိုင်ကြားစာတို့ဘာတို့လည်း ဒီရွေးကောက်ပွဲရလဒ်ကြေငြာပြီး (၄၅) ရက်အတွင်းမှာ တိုင်တာဘာတွေလည်းမရှိဘူးဆိုတော့ မသမာမှုတော့ဘာမှမရှိပါဘူး’’ ဟု ပြောသည်။

ချင်းပြည်နယ် ဟားခါးမြို့နယ်တွင်လည်း မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း စုစုပေါင်း ၆၉၄၅ နှင့် တီးတိန်မြို့နယ်တွင် စုစုပေါင်း (၈၄၃၁) နှင့် မတူပီမြို့နယ်တွင် စုစုပေါင်း ၄၆၈၄ ရှိသည်ဟုဆိုကာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အစောပိုင်းကလည်း အသီးသီးထုတ်ပြန်ခဲ့ပြီး ၎င်းမြို့နယ်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့များမှ မဲမသမှုမရှိကြောင်း ပြန်လည်ငြင်းဆိုခဲ့ကြသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...