မတရားဖမ်းဆီးခံရသော သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် IPCM တောင်းဆို

မတရားဖမ်းဆီးခံရသော သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် IPCM တောင်းဆို

အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့် မီဒီယာဌာနများအပေါ် ပစ်မှတ်ထား ဖိနှိပ်ပိတ်ပင်နေမှုများကို အမြန်ဆုံး ရပ်တန့်ရန် လွတ်လပ်သောမြန်မာသတင်း မီဒီယာကောင်စီ - IPCM က မေလ ၃ ရက်မှာ ကျရောက်သည့် ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ မှာ တောင်းဆိုသည်။ 

လက်ရှိ မြန်မာနိုင်ငံအတွင်း သတင်းလွတ်လပ်ခွင့် အခြေအနေမှာ အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး သတင်း သမားများမှာလည်း ဘက်ပေါင်းစုံမှ ဖိနှိပ်ချုပ်ချယ်မှုများနှင့် ရင်ဆိုင်နေရကြောင်း လွတ်လပ်သော IPCM ကပြောသည်။  

စစ်တပ် အာဏာသိမ်းချိန်မှ ၂၀၂၆ မေလအထိ မတရားဖမ်းဆီးခံရသူ သတင်း မီဒီယာသမားဦးရေ ၂၀၀ ကျော် ရှိခဲ့ သည့် အနက် ၁၈ ဦးမှာ စွပ်စွဲချက်အမျိုးမျိုးဖြင့် ဆက်လက် ဖမ်းဆီး အကျဉ်းချခံနေရဆဲဖြစ်သည်ဟု ဆိုသည်။ အကျဉ်းကျခံ နေရသူ ကိုစိုင်းဇော်သိုက်၏ ကျန်းမာရေးမှာ အရေးပေါ်ဆေးကုသရန် လိုအပ်နေသည်ဟု IPCM ကဖော်ပြသည်။ 

ထို့အပြင် ပြီးခဲ့သည့် ဧပြီ ၂၄ ရက်က နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ အေးချမ်း သာယာ ရေးတို့အား ထိခိုက်စေသော အကြောင်းအရာများ ရေးသားလွှင့်တင်ခဲ့သည်ဟု စွပ်စွဲကာ Chin World သတင်းဌာန၊ Khonum thung သတင်းဌာနနှင့် မျက်မှောက်ခေတ် သတင်းဌာနတို့ကို လိုင်စင်ပိတ်သိမ်းကြောင်း အာဏာသိမ်းစစ် အုပ်စုက ကြေညာခဲ့သည်။ ဇန်နဝါရီ ၁၃ ရက်နေ့တွင်လည်း ရွှေဖီမြေသတင်းဌာနကို လိုင်စင်ပိတ်သိမ်းခဲ့သည်။

ယင်းလုပ်ရပ်များသည် အာဏာသိမ်းစစ်အုပ်စုက အရပ်သားအသွင် ယူ၍ အစိုးရသစ်အဖြစ် ဟန်ပြလုပ်ဆောင်ပြီး ဒီမိုကရေစီ လမ်းကြောင်းသို့ သွားနေသည်ဟု အယောင်ပြနေသော်လည်း၊ လက်တွေ့တွင် သတင်းမီဒီယာများအပေါ် မည်သည့် အလျှော့အတင်းမျှ မရှိဘဲ ပိုမိုပြင်းထန်စွာ ဖိနှိပ်လျက်ရှိကြောင်း သက်သေပင်ဖြစ်သည်ဟု ဆိုသည်။ 

IPCM အနေဖြင့် အာဏာသိမ်းစစ်အုပ်စု၏ မီဒီယာလိုင်စင် ပိတ်သိမ်းခြင်း ယန္တရားကို အသိအမှတ်မပြုဘဲ အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့် မီဒီယာဌာနများအပေါ် ပစ်မှတ်ထား ဖိနှိပ်ပိတ်ပင်နေမှုများကို အမြန်ဆုံး ရပ်တန့်ရန် IPCM မှ ပြင်းထန်စွာ တောင်းဆို ထားသည်။ 

မည်သည့် ဖိအားများရှိစေကာမူ လွတ်လပ်သည့် မီဒီယာများသည် ပြည်သူလူထုဘက်မှ ဆက်လက်ရပ်တည်ပြီး သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ မှန်ကန်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ဆက်လက် တင်ဆက်သွားမည် ဖြစ်ကြောင်း IPCM က ပြောသည်။ 

ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံမှာ ယခုနှစ်၌ အဆင့် ၁၆၆ မှာ ရပ်တည်နေပြီး အလွန်ဆိုးဝါးသည့်အခြေအနေအဖြစ် အနီရောင်အဆင့် ဆက်လက် သတ်မှတ်ထားကြောင်း နယ်စည်း မခြားသတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်သည်။

Photo- Reuters

May 23, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့...
May 22, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အပြင်သွားလာနေသောလူငယ်များကို...
May 21, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော ZFU/PDF-Zoland က ကချင်လွတ်လပ်ရေးတပ်မတော်...
May 20, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏...